News

POST TYPE

NEWS

ကမ္ဘာတစ်ဝန်း သေနတ်ပိုင်ဆိုင်သူ ၁ ဘီလီယံခန့် ရှိသည်ဟု ခန့်မှန်း
20-Jun-2018 tagged as လက်နက်များ


ဂျီနီဗာ၊ ဇွန် ၁၉

ကမ္ဘာတစ်ဝန်းတွင် သေနတ်ပေါင်း ၁ ဘီလီယံခန့် ပျံ့နှံ့နေပြီး အများစုကို အရပ်သားများက ပိုင်ဆိုင်ကြသည်ဟု ဂျီနီဗာအခြေစိုက် သုတေသနအဖွဲ့က ထုတ်ပြန်လိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

ထိုသေနတ်များ၏ ၄၀ ရာခိုင်နှုန်းကို အမေရိကန်တို့ကပိုင်ဆိုင်ပြီး အခြား ၂၅ နိုင်ငံပေါင်းရှိ အရပ်သားများ၏ပိုင်ဆိုင်မှုထက် ပိုများသည်ဟုဆိုသည်။

တနင်္လာနေ့က ထုတ်ပြန်သော ဂျီနီဗာ Graduate Institute ၏ လက်နက်ငယ်ဆိုင်ရာ သုတေသန အစီရင်ခံစာတွင် ကမ္ဘာ့အရပ်သား သေနတ်ပိုင်ဆိုင်မှုသည် ၂၀၀၆ မှ ၂၀၁၇ အကြားတွင် သန်း ၆၅၀ မှ ၈၅၇ သန်းအထိ မြင့်တက်လာခဲ့ပြီး သေနတ်စုစုပေါင်း၏ ၈၅ ရာခိုင်နှုန်းခန့် ရှိနေသည်ဟု ဖော်ပြထားသည်။

စစ်တပ်များတွင် ၁၃၃ သန်း (၁၃ ရာခိုင်နှုန်း)နှင့် ဥပဒေစိုးမိုးရေးတပ်ဖွဲ့များတွင် ၂၃ သန်း (၂ ရာခိုင်နှုန်း) ခန့်ရှိနေပြီး စုစုပေါင်း အရေအတွက်မှာ တစ်ဘီလီယံကျော်သည်ဟု ဆိုသည်။

အမေရိက၏ အထူး လွတ်လပ်စွာ ခွင့်ပြုထားသော သေနတ်ဈေးကွက်ကြောင့် အမေရိကန်တို့၏လက်တွင် သေနတ် ၃၉၃ သန်းရောက်ရှိနေသည်ဟု သုတေသနအဖွဲ့ဝင် အေရွန်ကပ်က နယူးယောက် ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

“သာမန် အမေရိကန် ပြည်သူတွေဟာ နှစ်စဉ် နှစ်တိုင်း သေနတ်အသစ် ၁၄ သန်းလောက်ကို ဝယ်ယူကြတဲ့အပြင် ပြည်ပက သေနတ်တွေကိုလည်း တင်သွင်းနေကြတယ်”ဟု ၎င်းကပြောကြားသည်။

အမေရိကန် ပြည်သူ ၁၀၀ တိုင်းတွင် ပျှမ်းမျှအားဖြင့် သေနတ် ၁၂၁ လက်ခန့်ရှိနေပြီး ယီမင်တွင် လူ ၁၀၀ လျှင် ၅၃ လက်၊ မွန်တီနီဂရိုးနှင့် ဆားဗီးယားတွင် လူ ၁၀၀ တွင် ၃၉ လက် အသီးသီး ပိုင်ဆိုင်ကြသည်။

ကနေဒါနှင့် ဥရုဂွေးတွင် လူ ၁၀၀ တိုင်း၌ သေနတ် ၃၅ လက်နှုန်း ရှိကြသည်။ လက်နက်ကိုင်အကြမ်းဖက်မှုဆိုင်ရာ ဂျီနီဗာ ကြေညာစာတမ်း ၂၀၀၆ မှ အစပြုဖွဲ့စည်းခဲ့သော သုတေသနအဖွဲ့၏ ကိန်းဂဏန်းများအရ လက်နက်ကိုင် အကြမ်းဖက်မှုများကြောင့် နှစ်စဉ် ယောက်ျား၊ မိန်းမ၊ ကလေး စုစုပေါင်း ၇၄၀,ဝ၀၀ ခန့် အသက်ဆုံးရှုံးနေသည်ဟု လေ့လာမှုအရ သိရသည်။

အဆိုပါသေဆုံးမှုများ၏ အများစု ဖြစ်သော ၄၉၀,ဝ၀၀ ခန့်သည် လက်နက်ကိုင် ပဋိပက္ခများ၏ တိုက်ရိုက်သက်ရောက်မှု မရှိသောနိုင်ငံများတွင် ဖြစ်ပွားလျက်ရှိသည်။

အရပ်သားများ၏ ပိုင်ဆိုင်မှုတွင် လူတစ်ဦးချင်းအပြင် ပုဂ္ဂလိက လုံခြုံရေးလုပ်ငန်းများ၊ အစိုးရမဟုတ်သော လက်နက်ကိုင်အုပ်စုများနှင့် ရာဇဝတ်ဂိုဏ်းများ ပါဝင်ကြသည်။ ပိုင်ဆိုင်သော သေနတ် အမျိုးအစားများမှာ စက်ရုံထုတ် အသေးစားသေနတ်၊ ပြောင်းတို၊ ပြောင်းရှည် ရိုင်ဖယ်များမှသည် အချို့နိုင်ငံများတွင် စက်သေနတ်များအထိ ပိုင်ဆိုင်ကြသည်။

ဂျပန်နှင့် အင်ဒိုနီးရှား၏ သေနတ်ပိုင်ဆိုင်မှုမှာမူ ဆန့်ကျင်ဘက် တစ်ဖက်စွန်းတွင် ရှိနေပြီး လူ ၁၀၀ လျှင် သေနတ်တစ်လက်ပင် ပိုင်ဆိုင်ခြင်းမရှိဟုဆိုသည်။

ယခုလေ့လာမှုသည် နိုင်ငံပေါင်း ၁၃၃ နိုင်ငံမှ အချက်အလက်များကို စုဆောင်းကာ သုတေသန ပြုထားခြင်း ဖြစ်သည်။ သို့ရာတွင် စစ်တပ်၏ သေနတ် အရေအတွက်ကို ထုတ်ပြန်ပေးသော နိုင်ငံ အရေအတွက်မှာ ၂၈ နိုင်ငံသာရှိပြီး ထိုနိုင်ငံများသည် ဥပဒေစိုးမိုးရေး အဖွဲ့များ၏ ပိုင်ဆိုင်မှု အရေအတွက်ကိုပါ ထုတ်ပြန်ပေးခဲ့သည်ဟု သုတေသနအဖွဲ့က ဆိုသည်။

ကျန်တွက်ချက်မှုများမှာ ခန့်မှန်းတွက်ချက်မှုများအပေါ်တွင် အခြေခံပြုစုထားခြင်းဖြစ်သည်ဟု သုတေသနအဖွဲ့က ပြောကြားသည်။

F-04