POST TYPE
NEWS
ပင်ရင်းမှ နုတ်ယူပေးသွင်းခွန် မကောက်ခံတော့
20-Jun-2018
ရန်ကုန်၊ ဇွန် ၁၉
ပြည်တွင်းကုမ္ပဏီအချင်းချင်း ပစ္စည်းဝယ်ယူခြင်းများအတွက် ပင်ရင်းမှ နုတ်ယူပေးသွင်းခွန် (Withholding Tax) ကောက်ခံတော့မည် မဟုတ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်သည်။
ယခင်က ပြည်တွင်းကုမ္ပဏီအချင်းချင်း ပစ္စည်းရောင်းဝယ်ပါက ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်ခံခဲ့ပြီး ယခုအခါ ယင်းနှုန်းထားကို ကောက်ခံတော့မည်မဟုတ်သော်လည်း ပြည်ပနေနိုင်ငံခြားသားနှင့် နိုင်ငံခြားကုမ္ပဏီများကိုမူ ၂ ဒသမ ၅ ရာခိုင်နှုန်း ဆက်လက်ကောက်ခံမည်ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။
“ပြည်တွင်းကုမ္ပဏီအချင်းချင်းကို ဖြေလျှော့ပေးလိုက်တာပေါ့။ ဒါပေမဲ့ ပြည်တွင်းကုမ္ပဏီနဲ့ နိုင်ငံတော်ကလုပ်တဲ့ ကန်ထရိုက်စာချုပ်လို ဟာမျိုးတွေကတော့ အကျုံးမဝင်ပါဘူး။ အဲဒီစာချုပ်မျိုးတွေဆိုရင်တော့ Withholding Tax ကောက်မှာပါ”ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
Withholding Tax ဆိုသည်မှာ ကုမ္ပဏီတစ်ခုက ပြည်ပမှတင်သွင်းခြင်း ဖြစ်စေ၊ ပြည်တွင်းမှ ဝယ်ယူခြင်းဖြစ်စေ ပစ္စည်းတစ်ခု ဝယ်ယူမည်ဆိုပါက ပြည်တွင်းအခွန်များဦးစီးဌာနက ယင်းပစ္စည်းတန်ဖိုး၏ ၂ ရာခိုင်နှုန်းကို ဝင်ငွေခွန်အဖြစ်ကောက်ခံခြင်းဖြစ်ပြီး ကုမ္ပဏီများမှ ဘောက်ချာများ ပြန်လည်ပြသ၍ ယင်းအခွန်ပမာဏကို ပြန်လည်ထုတ်ယူနိုင်သည်။
ထို့ပြင် အစိုးရကန်ထရိုက်စာချုပ်များဖြင့် လုပ်ဆောင်သည့် ကုမ္ပဏီများအတွက် ယခင်က တစ်နှစ်အတွင်း လုပ်ငန်းတန်ဖိုး ကျပ် ၁၅ သိန်းကျော်လွန်မှသာ အခွန်နုတ်ယူခဲ့သော်လည်း ယခုအခါ လုပ်ငန်းတန်ဖိုး ကျပ် ၁၀ သိန်းကျော်လွန်လျှင် အခွန်နုတ်ယူမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဒီလိုမကောက်တော့ဘူးဆိုရင်တော့ လုပ်ငန်းရှင်တွေအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ပြေလျော့သွားမှာပေါ့။ အဓိကကတော့ SME လုပ်ငန်းတွေ အဆင်ပြေသွားမှာပေါ့”ဟု စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောဆိုသည်။
S-04
- SOURCES
- The Voice
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
15-Feb-2019