News

POST TYPE

NEWS

ဂီတဖျော်ဖြေပွဲများတွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ကြောက်ခမန်းလိလိ ပေါ်ပေါက်လျက်ရှိဟု စစ်တမ်းဖော်ပြ

နယူးယောက်၊ ဇွန် ၁၉

မကြာသေးမီက ထွက်ပေါ်လာသော သုတေသန စစ်တမ်းတစ်ရပ်အရ ဂီတဖျော်ဖြေပွဲနှင့် ပွဲတော်များသို့သွားကြသည့် အမျိုးသမီးများ၏ ၄၃ ရာခိုင်နှုန်းသည် လိင်ပိုင်းဆိုင်ရာ ထိကပါး ရိကပါး ပြုလုပ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

ဂီတဖျော်ဖြေပွဲများသို့ သွားရောက်ခဲ့ကြသူအားလုံး၏ ၂၂ ရာခိုင်နှုန်းမှာမူ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု သို့မဟုတ် ထိကပါး ရိကပါး လုပ်မှုတို့နှင့် ကြုံတွေ့ခဲ့ကြရသည်။

ထိုသို့ ဂီတဖျော်ဖြေပွဲ သွားခဲ့ကြသော အမျိုးသမီးများ ယေဘုယျ ကြုံတွေ့ကြရသည့်ကိစ္စမှာ ဖိအားပေး ကခုန်စေခြင်း၊ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခြင်းစသည်တို့ဖြစ်သည်။

အဆိုပါစစ်တမ်းကို YouGov အဖွဲ့က ဗြိတိန်နိုင်ငံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့တွေ့ရှိချက်အရ လိင်ပိုင်းဆိုင်ရာ ထိကပါး ရိကပါး လုပ်ခြင်းခံရသူ ၂ ရာခိုင်နှုန်းသာ ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ကြသည်။

ယခုနှစ် အစောပိုင်းက အင်္ဂလန်နှင့် ဝေလပြည်နယ်အတွက် ရာဇဝတ်မှုနှင့်ပတ်သက်၍ ပြုလုပ်ခဲ့သော စစ်တမ်းတွင်လည်း လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက်ခံရသူ ၈၀ ရာခိုင်နှုန်းမှာ ရဲတပ်ဖွဲ့ကို တိုင်တန်းမှု မပြုကြပေ။

ယင်းစစ်တမ်းအရ အမျိုးသမီးငါးဦးလျှင် တစ်ဦးမှာ အသက် ၁၆ နှစ်အရွယ် ရောက်လာသည့်နောက်ပိုင်းတွင် လိင်ပိုင်းဆိုင်ရာ ထိကပါးရိကပါး ပြုလုပ်ခြင်းမျိုးနှင့် ကြုံတွေ့ဖူးကြသည်။

ဂီတဖျော်ဖြေပွဲတော်များတွင် လိင်ပိုင်းဆိုင်ရာ ထိကပါးရိကပါး ပြုလုပ်ခံရသူ အမျိုးသမီးများ၏ ၁ ရာခိုင်နှုန်းသာ ရဲတပ်ဖွဲ့ သို့မဟုတ် ဖျော်ဖြေပွဲတွင် တာဝန်ရှိသူကို တိုင်ကြားခဲ့ကြသည်ဟု YouGov အဖွဲ့၏ စစ်တမ်းကဆိုသည်။

ထိုသို့ ဂီတဖျော်ဖြေပွဲများ၌ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရသူများထဲတွင် အမျိုးသမီးများ သာမက အမျိုးသားများလည်း ပါဝင်သည်။

စစ်တမ်းအရ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရသူ အမျိုးသား ၁၉ ရာခိုင်နှုန်းက ဖျော်ဖြေပွဲကို စီစဉ်သော တာဝန်ရှိသူများအား တိုင်တန်းခဲ့ကြသည်။

Good Night Out ဟူသောအဖွဲ့ကို ထူထောင်ခဲ့သူ ဂျန်ကာလာဂျာကမူ ယခုထွက်ရှိလာသော သုတေသနစစ်တမ်းမှာ တုန်လှုပ်ချောက်ချားစရာ ကောင်းသော်လည်း အံ့အားသင့်စရာကိစ္စ မဟုတ်ကြောင်း ပြောကြားသည်။ သို့သော် စစ်တမ်းကြောင့် ယင်းဖျော်ဖြေပွဲများနှင့် ပတ်သက်သည့် သိပြီးသား ပြဿနာများကို သက်သေ အထောက်အထားဖြင့် ဖော်ပြနိုင်လိုက်ကြောင်း ၎င်းကဆိုသည်။

BBC သတင်းဌာနကမူ မကြာမီ ရောက်ရှိလာမည့် နွေရာသီကာလတွင် ထွက်ပေါ်လာမည့် ဂီတဖျော်ဖြေပွဲများ၌ ယင်းသို့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုများမှ ရှောင်ရှားနိုင်မည့် အကြံပြုချက်များကို ဖော်ပြခဲ့သည်။

F-01