News

POST TYPE

NEWS

စီးပွားရေးပွဲများသို့ အစိုးရအဖွဲ့များ မတက်ရန် သမ္မတရုံး တားမြစ်
ရန်ကုန်၊ ဇွန် ၁၉

အစိုးရနှင့် ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်ထားခြင်းမရှိသည့် ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၏ အခမ်းအနားများကို အစိုးအဖွဲ့ဝင်များအနေနှင့် လက်ခံတက်ရောက်ခြင်း မပြုလုပ်ရန် နိုင်ငံတော်သမ္မတရုံးက ယခုရက်ပိုင်းတွင် ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

သမ္မတရုံး၏အဆိုပါ ညွှန်ကြားချက်တွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအားလုံး၊ ပြည်ထောင်စုဝန်ကြီးဌာနအားလုံး၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ အားလုံးသို့ ရည်ညွှန်းဖော်ပြထားသည်။

ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များအနေနှင့် အစိုးရလုပ်ငန်းများနှင့် ဆက်စပ်ခြင်းမရှိသည့်ပွဲများ ဖိတ်ကြားမှုကို လက်ခံတက်ရောက်မှုများကြောင့် မသင့်တော်မလျော်ကန် ဖြစ်နေရသည့်အတွက် ယင်းညွှန်ကြားချက်ကို ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက The Voice သို့ ပြောကြားသည်။

“အဓိကတော့ ပြည်ထောင်စုဝန်ကြီးတွေ ဒုဝန်ကြီးတွေ ပြည်နယ်နှင့် တိုင်းဝန်ကြီးချုပ်တွေအချို့က အစိုးရလုပ်ငန်းတွေနဲ့ ဆက်စပ်ခြင်းမရှိတဲ့ ပွဲတွေဖိတ်ရင် သွားတယ်ပေါ့။မတော်မသင့်မလျော်ကန် ဖြစ်တာတွေ့တယ်ပေါ့။ အဲဒီလိုပေါ့။ အဓိကတော့ မသင့်တော်တာ မလျော်ကန်တာ တွေ့နေရလို့ ထုတ်ရတာပေါ့ဗျာ”ဟု ၎င်းက ဆိုသည်။

အဆိုပါ ညွှန်ကြားချက် ထုတ်ပြန်ရခြင်းအကြောင်းရင်းကို သိရှိခြင်းမရှိသော်လည်း အစိုးရအဖွဲ့ ဝန်ကြီးများအနေနှင့် ပွဲများတက်ရာတွင် လူမှုရေးအရ အချို့ပွဲများ တက်ရသည်ကို နားလည်ပေးနိုင်သော်လည်း နှောင်ကြိုးများ ဆက်နွှယ်မှုများမရှိဖို့ ပို၍အရေးကြီးကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က သုံးသပ်သည်။

“တက်ခြင်း မတက်ခြင်းက အဲဒီလောက် အရေးမကြီးဘူး။ တစ်ခုရှိတာက အလုပ်အစီစဉ်ထဲမှာ အခြားအရေးကြီးတဲ့ အလုပ်တွေ လုပ်တာတော့ ရှိရမှာပေါ့။ အလုပ်မလုပ်ဘဲ ပွဲချည်းပဲတက်နေလို့လည်း မဖြစ်ဘူး။ ချိန်ဆလုပ်သင့်တာပေါ့”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် အဆိုပါထုတ်ပြန်သည့် ညွှန်ကြားချက်ကို အချို့အစိုးရဌာနများသို့ တရားဝင်ရောက်ရှိခြင်းမရှိသေးဟုလည်း သတင်းများထွက်ပေါ်နေသည်။

J-08