News

POST TYPE

NEWS

မူဆယ်ကုန်သည်များ ဘဏ်စာရင်း ပြန်ဖွင့်ပေးရန် တရုတ်အစိုးရကို တောင်းဆို
20-Jun-2018

ရန်ကုန်၊ ဇွန် ၁၉

မူဆယ်ကုန်သည်များ၏ ဘဏ်စာရင်းအချို့ကို တရုတ်အာဏာပိုင်များက ပြန်လည်ဖွင့်ပေးခဲ့ပြီး ကျန်ရှိသည့်အကောင့်များကိုလည်း စိစစ်ဖွင့်လှစ်ပေးရန် စီးပွား/ကူးသန်းဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ယခုလအတွင်း သွားရောက်ခဲ့သည့် တရုတ်ကူမင်းခရီးစဉ်တွင် တောင်းဆိုထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။

ဘဏ်စာရင်းများ စတင်ပိတ်ခဲ့စဉ်က ပြည်တွင်းဘက်က ကုန်သည်များ၊ ရွှေလီဘက်က ဘဏ်များနှင့် သက်ဆိုင်ရာတာဝန် ရှိသူများက တွေ့ဆုံခဲ့ပြီး ရှင်းရှင်းလင်းလင်းရှိသည့် ဘဏ်အကောင့်များကို ပြန်လည်ဖွင့်ပေးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“ပြန်ဖွင့်ပေးတဲ့ ဘဏ်စာရင်းအတိ အကျကိုတော့မသိဘူး။ ဒါပေမဲ့ တော်တော်များများကို ပြန်ဖွင့်ပေးခဲ့ပါတယ်”ဟု ၎င်းက ဆိုသည်။

တရုတ်အစိုးရဘက်က မူဆယ်ကုန်သည်များ၏ ဘဏ်အကောင့် ၂၀၀ နီးပါးကို ဇွန်လအစောပိုင်းက တတိယအကြိမ်မြောက် စာရင်းပိတ်လိုက်သည့်အတွက်ကြောင့် ဟွန်ဒီ(တရားမဝင်လမ်းကြောင်း) စနစ်ဖြင့် ငွေလွှဲနေရကြောင်း မူဆယ်ကုန်သည်များထံမှ သိရသည်။

ယင်းကဲ့သို့ ပိတ်လိုက်ရခြင်းမှာ မူဆယ်ကုန်သည်များက တရားမဝင်လောင်းကစား ကိစ္စများတွင် ပါဝင်ပတ်သက်နေပြီး အချို့ကုန်သည်များက ငွေအကောင့်ဖွင့်ခြင်း၊ ငွေလွှဲခြင်းများ ပြုလုပ်ရာတွင် တရုတ်ရဲများကို ငွေတန်ဖိုး၏ ၁၀ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်းစသည်ဖြင့် လာဘ်ထိုးခြင်းများကြောင့်ဖြစ်ကြောင်း မူဆယ်ကုန်သည်တစ်ဦးက ပြောကြားသည်။

အဆိုပါ ဘဏ်အကောင့်ပိတ်ခံရမှုသည် တတိယအကြိမ်ဖြစ်ပြီး ၂၀၁၇ ခုနှစ်က တစ်ကြိမ်အပိတ်ခံရကာ ယခုနှစ် မတ်လအတွင်းတွင်လည်း တစ်ကြိမ်အပိတ်ခံရကြောင်း၊ မူဆယ်ကုန်စည်ဒိုင်အနေနှင့် ယင်းကဲ့သို့ အပိတ်ခံနေရသည့်အတွက် ဗဟိုဘဏ်ကို ပြည်တွင်းဘဏ်များတွင် ယွမ်အကောင့် တရားဝင်ဖွင့်ခွင့်ပေးရန် စာတင်ထားသော်လည်း ယခုအချိန်အထိ အကြောင်းပြန်ကြားခြင်း မရှိခဲ့ကြောင်း ပဲ၊ ပြောင်း၊ နှမ်း ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးလှမောင်က ပြောဆိုသည်။ 

ယခင် ၂၀၁၇ ခုနှစ် ဘဏ်အကောင့်ပိတ်ခဲ့စဉ်က ကုန်သည်အများစုက ဆန္ဒပြခဲ့သည့်အပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ရွှေလီအစိုးရနှင့် ညှိနှိုင်းခဲ့သည့်အတွက် ဘဏ်အကောင့်များကို ပြန်လည်ဖွင့်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

J-13

  • VIA