News

POST TYPE

NEWS

အောင်မင်္ဂလာအဝေးပြေး၌ ဆေးခန်းဖွင့်
20-Jun-2018
ရန်ကုန်၊ ဇွန် ၁၉

အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းဆေးခန်းတွင် အရေးပေါ်လူနာများ ကုသခြင်းအပြင် ယာဉ်မောင်းများ ရုတ်တရက်ခံစားရသည့် ရောဂါများကို အခမဲ့စစ်ဆေးပေးနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ယာဉ်ရပ်နားစခန်းဆေးခန်းကို ဇွန်လ ၁၇ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး အဆိုပါ ယာဉ်ရပ်နားစခန်းအတွင်း နေထိုင်သူများ၊ ခရီးသွားပြည်သူများအတွက် အရေးပေါ်နှင့် ပုံမှန်ကျန်းမာရေးစောင့် ရှောက်မှုပေးခြင်း၊ ကျန်းမာရေးအသိပညာ မြှင့်တင်ပေးခြင်းများအပြင် ယာဉ်မောင်းများတွင် ရုတ်တရက်ရောဂါခံစားရပြီး ယာဉ်အန္တရာယ်ဖြစ်ပွားနိုင်သည့် သွေးတိုး၊ ဆီးချို၊ အမြင်အာရုံချို့တဲ့မှု၊ အကြောအာရုံချို့တဲ့မှု စသည့်ရောဂါများကို အခမဲ့စစ်ဆေးနိုင်မည်ဖြစ်ကြောင်း ယင်းဆေးခန်းထံမှသိရသည်။

အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းသည် နေ့စဉ်ခရီးသည်တင် ဘတ်စ်ကားများစွာ ဝင်ထွက်သွားလာ လျက်ရှိပြီး ခရီးသည် ၅၀,၀၀၀ ခန့် ရောက်ရှိသည့်အတွက် ပြည်သူ့ကျန်းမာရေး ရှုထောင့်အနေနှင့် အလွန်အရေးကြီးသည့် နေရာတစ်ခုဖြစ်ကြောင်း၊ ထို့အပြင် ကူးစက်ရောဂါနှင့် ကပ်ရောဂါထိန်းချုပ်သည့်နေရာတွင် အခြားအရပ်ဒေသများမှ ယင်းနေရာသို့ ရောဂါကူးစက်ရောက်ရှိ၍ ထိုမှတစ်ဆင့် ရောဂါမဖြစ်ပွားသေးသည့် အခြားသောနေရာများကို ထပ်မံကူးစက်ပျံ့နှံ့နိုင်ခြေရှိသော နေရာတစ်ခုဖြစ်သည့်အတွက် စနစ်တကျ ကာကွယ်ထိန်းချုပ်ရန် အရေးကြီးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

ယင်းဆေးခန်းကဲ့သို့ အလားတူ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မည့် ဆေးခန်းမျိုးကို ဒဂုံဧရာအဝေးပြေးစခန်းတွင် ထပ်မံဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြည့်စွက်ပြောကြားသည်။ 

J-12



  • VIA