News

POST TYPE

NEWS

ပင်လုံညီလာခံ အမြန်ဆုံး ကျင်းပရေး ကလေးဒေသခံများ တောင်းဆို
19-Jun-2018

ကလေး၊ ဇွန် ၁၉ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ၂၁ ရာစု ပင်လုံပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အမြန်ဆုံး ပြန်လည်ကျင်းပရေးအတွက် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း အထက်ချင်းတွင်း လူငယ်ကွန်ရက်မှ ဒါရိုက်တာ ဦးကျော်သက်ဝင်းက ပြောကြားသည်။

အထက်ချင်းတွင်း လူငယ်ကွန်ရက်မှ ဦးဆောင်သည့် လူဦးရေ ၁၀၀ ကျော် ပါဝင်သောအဖွဲ့သည် ဇွန်လ ၁၉ ရက်နေ့ နံနက် ၉ နာရီခန့်မှစကာ ကလေးမြို့ မြို့မဈေးရှေ့၌ ၂၁ ရာစု ပင်လုံပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အောင်ရမည် စာတန်းပါ စတစ်ကာများ ဖြန့်ဝေခဲ့ပြီးနောက် ရွှေဘုံသာစေတီအထိ လမ်းလျှောက်ကြွေးကြော် တောင်းဆိုခဲ့ကြောင်း၊ ထို့ပြင် ရွှေဘုံသာစေတီတွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် ဘုရားဆီမီးပူဇော်ခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြောင်း ၎င်းကပြောဆိုသည်။

“၂၁ ပင်လုံ ဖြစ်မှသာ ငြိမ်းချမ်းရေး စားပွဲဝိုင်းတွေ ဖြစ်လာမယ်။ တိုင်းရင်းသားဒေသတွေမှာ အပစ်အခတ် ရပ်စဲရေးဆို တာတွေဖြစ်လာမယ်။ အဲဒါဆိုတော့ ကြန့်ကြာနေတာကို တောင်းဆိုတာ”ဟု ဦးကျော်သက်ဝင်းက ဆိုသည်။

ဒုတိယအကြိမ်မြောက်၂၁ ရာစု ပင်လုံပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကို ၂၀၁၇ ခုနှစ်၊ မေလအတွင်းက ကျင်းပခဲ့ပြီးနောက် တတိယအကြိမ် ထပ်မံကျင်းပရန် ကြန့်ကြာနေသည့်အပေါ် တိုက်တွန်း တောင်းဆိုကြခြင်းဖြစ်ကြောင်း လှုပ်ရှားသူများထံမှ သိရသည်။

ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ်အဖြစ် ကလေးမြို့၊ အောင်ဇေယျရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရပ်/ကျေးရုံးတွင် သံဃာများကို ဆွမ်းကပ်ခဲ့ပြီး မွေးနေ့ပွဲသို့ တက်ရောက်လာသူများကို နို့စိမ်းခေါက်ဆွဲ စတုဒိသာ ကျွေးခဲ့ကြောင်း ကလေးမြို့ အောင်ဇေယျရပ်ကွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရပ်/ကျေး အလုပ်အမှုဆောင် အဖွဲ့ အတွင်းရေးမှူး ဦးခင်စိုးက ပြောကြားသည်။

R-20