News

POST TYPE

NEWS

ရှေ့နေအယောင်ဆောင် အမှုလိုက်သူကို အမှုဖွင့်
ရန်ကုန်၊ ဇွန် ၁၉

ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် တရားရုံးတွင် ရှေ့နေအယောင်ဆောင်ပြီး အမှုများ လိုက်ပါဆောင်ရွက်သည့် အမျိုးသားတစ်ဦးကို ဇွန်လ ၁၈ ရက်နေ့က ယင်းမြို့မ ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ သုံးခုဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လိမ်လည်မှု၊ စာရွက်စာတမ်းအတု ပြုလုပ်မှု၊ လိမ်လည်အတုပြုလုပ်ထားသည့် စာရွက်စာတမ်း အမှတ်အသားများကို အစစ်အမှန်အနေဖြင့် အသုံးပြုမှုပုဒ်မများဖြင့် ဖမ်းဆီးအရေးယူထားသည့် ဦးခင်ဇော်လတ် (အသက် ၄၀ နှစ်) မှာ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် တရားရုံးတွင် ရာဇဝတ်ကြီးမှု အမှတ် ၄၄၂/ ၂၀၁၅၊ ၅၂၉/၂၀၁၅၊ ၆၆၀/ ၂၀၁၅ နှင့် ရာဇဝတ် အထွေထွေမှုအမှတ် ၉၅/၂၀၁၆ တို့တွင် တရားခံ၏ ရှေ့နေအဖြစ်လည်းကောင်း၊ ရာဇဝတ်ကြီးမှုအမှတ် ၂၄၃/ ၂၀၁၆ အမှုတွင် တရားလို၏ရှေ့နေအဖြစ်လည်းကောင်း ရှေ့နေကိုယ်စားလှယ်များကိုတင်ပြ၍ အမှုလိုက်ပါဆောင်ရွက်ခဲ့သည်။

“တရားလွှတ်တော် ရှေ့နေဆိုပြီး အမှုလိုက်ပါ ဆောင်ရွက်နေတာကို မြို့နယ်တရားသူကြီးက မသင်္ကာတာနဲ့ ရှေ့နေလိုင်စင်ကို စစ်ဆေးပေးဖို့ အရှေ့ပိုင်းခရိုင် တရားရုံးမှာ စုံစမ်းခိုင်းခဲ့တယ်။ စုံစမ်းချက်အရ သူက တရားလွှတ်တော်ရှေ့နေ မဟုတ်သလို အထက်တန်းရှေ့နေလည်း မဟုတ်ဘူး။ ရှေ့နေ အယောင်ဆောင်ပြီး အမှုလိုက်ပါ ဆောင်ရွက်ပေးနေသူ။ ဘယ်အမှုတွေကို လိုက်ပါဆောင်ရွက်ပေးလဲ ဆိုတာတော့ တရားရုံးမေးမှ အတိအကျ သိရလိမ့်မယ်။ ရဲစခန်းမှာ အမှုဖွင့်ထားတာက ရာကြီးအမှတ်စဉ်တွေပဲ ပါလာတာ။ ပုဒ်မတွေ မပါဘူး”ဟု ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ရှေ့နေ အယောင်ဆောင်ပြီး အမှုလိုက်ပါ ဆောင်ရွက်သည့် ဦးခင်ဇော်လတ်မှာ ရှေ့နေကိုယ်စားလှယ်စာတွင် တရားလွှတ်တော်ရှေ့နေ လိုင်စင်အမှတ်များကို မမှန်မကန်ဖော်ပြပြီး လိမ်လည်အတု ပြုလုပ်ထားသည့် စာရွက်စာတမ်းများကို အစစ်အမှန်ကဲ့သို့ အသုံးပြုခြင်းများ ပြုလုပ်ခဲ့သောကြောင့် ၎င်းကို ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၄၂၀ / ၄၆၈ / ၄၇၁ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

S-03