News

POST TYPE

NEWS

မလေးရှားမူးယစ်မှု ကွင်းဆက်တရားခံများ၏ပိုင်ဆိုင်မှု ကျပ်သန်းပေါင်း တစ်သောင်းရှစ်ထောင်ကျော်ကိုထိန်းသိမ်း
19-Jun-2018


နေပြည်တော် ဇွန် ၁၉

မလေးရှားနိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်ပတ်သက်သော ကွင်းဆက်တရားခံများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးခဲ့ရာ တရားခံများ ပိုင်ဆိုင်သည့်မြေ၊ အဆောက်အဦ၊ မော်တော်ယာဉ်၊ ရွှေ၊ ငွေ၊ ဘဏ်စာရင်းများကိုစိစစ်ခဲ့ရာ မြေ၊ အဆောက်အဦ၊ မော်တော်ယာဉ်၊ ရွှေ၊ ငွေ၊ ဘဏ်စာရင်းများ ခန့်မှန်းတန်ဖိုး ကျပ်သန်းပေါင်း တစ်သောင်းရှစ်ထောင်ကျော်ကို ထိန်းသိမ်းလိုက်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

မလေးရှားဆိပ်ကမ်းတွင် ဖမ်းမီသော မူးယစ်မှုနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂) ရက်နေ့တွင် မင်းနိုင်အား စတင် ဖမ်းဆီးရမိခဲ့ပြီး ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများ ပို့ဆောင်ခိုင်းသူ မောင်မောင်(ခ) HJ Yassin LEXUS မန္တလေးမြို့ (၁၆) မိုင်စစ်ဆေးရေးဂိတ်တွင် ဇွန်လ (၅) ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သည်။

မောင်မောင်၏အစစ်ခံချက်အရ မလေးရှားတွင် တွေ့ဆုံသိကျွမ်းခဲ့သည့် ချင်ကျားမူ(ခ) မကျားဝေ (ခ) နှင်းဦးလွင်(ဖမ်းမမိသေး) တာချီလိတ်မြို့နေသူထံမှ မူးယစ်ဆေးဝါးများအား မြန်မာပြည်တွင်း အဆင့်ဆင့်သော သယ်ဆောင်သူများဖြင့် ကားလမ်းကြောင်းနှင့် မော်တော်ယာဉ် အမျိုးမျိုးတို့ကိုအသုံးပြုကာ တာချီလိတ်မှတစ်ဆင့် ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်ရှိ မင်းနိုင်ပိုင် Nice Guy သောက်ရေသန့်စက်ရုံသို့ပို့ခဲ့ကြောင်း၊ ၎င်းစက်ရုံမှတစ်ဆင့် ဟူစိန် (ခ) မိုဟာမက်ဟူစိန် (ဖမ်းမမိသေး)မှ ၎င်း၏ Bongo Box ယာဉ်ဖြင့် အောက်ပုဇွန်တောင်လမ်းရှိ မောင်မောင်၏ဂိုဒေါင်သို့ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းမှတဆင့် မင်းနိုင်၏ Nice Guy Clerance Service Agency မှ စီစဉ်ပေးမှုဖြင့် ကွန်တိန်နာအတွင်း မြန်မာ့ရိုးရာ အစားအသောက်များနှင့်ရောနှောကာ မလေးရှားနိုင်ငံသို့ ပို့ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

မလေးရှားနိုင်ငံ ရောက်ရှိလာသော မူးယစ်ဆေးဝါးများကို မေလေးရှားနိုင်ငံတွင်နေထိုင်ပြီး စတိုးဆိုင် ဖွင့်လှစ်ထားသူ ဇေယျာဟိန်း (မောင်မောင်ယောက်ဖ)မှ အဆင့်ဆင့်သော အဆက်အသွယ်များဖြင့် လက်ခံရယူထိန်းသိမ်းပြီး ၎င်းမှတစ်ဆင့် ချင်ကျားမူ (ခ)မကျားဝေ (ခ) နှင်းဦးလွင်၏ခင်ပွန်း အကိုကြီး(ခ) ကတုံး (စိစစ်ဆဲ၊ မလေးရှားနိုင်ငံတွင်နေထိုင်သူ)ထံသို့ ဆက်လက်ပေးပို့ရကြောင်း၊ အကိုကြီး (ခ) ကတုံးသည် မလေးရှားနိုင်ငံတွင် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးနေသူတစ်ဦးဖြစ်ကြောင်း ဖော်ထုတ်ရရှိခဲ့သည်။

ဇေယျာဟိန်းကို နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာစဉ် ဇွန်လ (၉) ရက်နေ့၌ အမှုစစ်အဖွဲ့က ဆက်လက် ဖမ်းဆီးရမိခဲ့သည်။ မောင်မောင်နှင့် ဇေယျာဟိန်းတို့နှစ်ဦး၏ ထွက်ဆိုချက်များအရ မလေးရှား၌ တွေ့ဆုံသိကျွမ်းခဲ့သော ထားဝယ်ကြီး (ခ) အောင်လွင်ကို မလွှဲတောင် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ပြီး ထားဝယ်ကြီး(ခ) အောင်လွင်၏ထွက်ဆိုချက်အရ မောင်မောင် (ခ) HJ Yassin ၊ ဇေယျာဟိန်း၊ ချင်းကျားမူ (ခ) မကျားဝေ (ခ) နှင်းဦးလွင်နှင့် ၎င်း၏ခင်ပွန်း အကိုကြီး (ခ) ကတုံးတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးများကို မင်းနိုင်၏အကူအညီဖြင့် မလေးရှားနိုင်ငံသို့ ပေးပို့ခဲ့ကြောင်းနှင့် ၎င်းသည် ယခင်က မလေးရှားနိုင်ငံ၌ မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျခဲ့ဖူးကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

ဖမ်းဆီးမိသူများ၏ အစစ်ခံဖော်ထုတ်ချက်များအရ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသော အကျိုးအမြတ်များဖြင့် ရယူပိုင်ဆိုင်ထားသည်ဟု ယူဆရသည့် မြေ၊ အဆောက်အဦ၊ မော်တော်ယာဉ်၊ ရွှေ၊ ငွေ၊ ဘဏ်စာရင်းများကိုစိစစ်ခဲ့ရာ မောင်မောင်(ခ) HJ Yassin (ဖမ်းမိ)ထံမှ ခန့်မှန်းကျပ်သိန်းပေါင်း ခုနှစ်သောင်းကျော်၊ ထားဝယ်ကြီး (ခ) အောင်လွင် (ဖမ်းမိ)ထံမှ ခန့်မှန်း ကျပ်သိန်းပေါင်း နှစ်သောင်း ခုနှစ်ထောင်ကျော်၊ ဇေယျာဟိန်း (ဖမ်းမိ)ထံမှ ခန့်မှန်း ကျပ်သိန်းပေါင်း လေးထောင်ကျော်၊ မင်းနိုင်(ဖမ်းမိ)ထံမှ ခန့်မှန်းကျပ်သိန်းပေါင်း ငါးရာခန့်၊ ချင်ကျားမူ (ခ) မကျားဝေ (ခ)နှင်းဦးလွင်(တိမ်းရှောင်) ပိုင်ဆိုင်သည့် ခန့်မှန်းကျပ်သိန်းပေါင်း ရှစ်သောင်းကျော်၊ ဟူစိန် (ခ) မိုဟာမက်ဟူစိန် (တိမ်းရှောင်) ပိုင်ဆိုင်သည့် ခန့်မှန်းကျပ်သိန်းပေါင်း ငါးထောင်ကျော်တို့အား ကနဦးစိစစ်တွေ့ရှိရ၍ ထိန်းသိမ်းကာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ ဆက်လက် အရေးယူ ဆောင်ရွက်လျက်ရှိသည်။

တရားခံပြေး ချင်ကျားမူ (ခ)မကျားဝေ(ခ) နှင်းဦးလွင်၊ (၄၅)နှစ်ခန့်၊ (ဖ) ဦးစိုင်းမောင်၊ မှတ်ပုံတင်အမှတ် ၁၃/တကန(နိုင်)၁၂၈၈၆၆၊ အမှတ် ၁/၆(၅၆)၊ ဘုရားဖြူလမ်း၊ နယ်မြေ(၁)၊ ပန်းတင်လမ်းခွဲ၊ တောင်ကြီးမြို့နှင့် အမှတ် (၂/၂၉)၊ ဗိုလ်ချုပ်လမ်း၊ မယ်ခေါင်ရပ်ကွက်၊ တာချီလိတ်မြို့နေသူနှင့် ဟူစိန်(ခ)မိုဟာမက်ဟူစိန်၊ (၄၄)နှစ်ခန့်၊ (ဖ)ဦးဂိုလာမာမက်၊ မှတ်ပုံတင်အမှတ် ၁၀/မလန(နိုင်) ၁၅၀၈၁၂၊ အမှတ် ၈၁/F ၊ ပထမထပ်၊ ၅၅ လမ်း၊ (၂)ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့နေသူတို့အား တွေ့ရှိပါက နီးစပ်ရာရဲစခန်းအသီးသီးသို့ သတင်းပေးပို့နိုင်ပါကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။