News

POST TYPE

NEWS

ရွှေ့ပြောင်းနေထိုင်သူ ကလေးများကို မိဘနှင့်ခွဲထားသည့် ထရမ့်မူဝါဒကို မယ်လာနီယာ ဝေဖန်
19-Jun-2018 tagged as အမေရိကန်



ဝါရှင်တန်၊ ဇွန် ၁၈

အမေရိကသို့ တရားမဝင် ဝင်ရောက်လာသော ရွှေ့ပြောင်းနေထိုင်သူများကို ၎င်းတို့၏ကလေးများနှင့် သီးခြားခွဲထားသည့် ထရမ့်၏ အငြင်းပွားဖွယ် မူဝါဒအပေါ် စိုးရိမ်မကင်းဖြစ်မိသည်ဟု သမ္မတကတော် မယ်လာနီယာက ထုတ်ဖော်ပြောဆိုကြောင်း BBC သတင်းတွင်ဖော်ပြထားသည်။

မယ်လာနီယာသည် ကလေးများအား မိသားစုများနှင့် ခွဲခြားထားခြင်းအား မမြင်တွေ့လိုဘဲ အောင်မြင်သော လူဝင်မှုကြီးကြပ်ရေးအစီအစဉ် ပြုပြင်ပြောင်းလဲမှုကိုသာ တွေ့မြင်လိုသည်ဟု သူမ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

သမ္မတထရမ့်၏ သည်းခံမှုသုည အဆင့်မူဝါဒအပေါ် အငြင်းပွားမှုများ ကြီးထွားလာခဲ့ပြီးနောက် သူမ၏ မှတ်ချက်ပေးမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

သမ္မတကတော်ဟောင်း လော်ရာဘွတ်ရှ်ကလည်း ထိုမူဝါဒသည် သင့်လျော်မှုမရှိကြောင်းနှင့် ယင်းကြောင့် စိတ်မကောင်းဖြစ်ရကြောင်း မှတ်ချက်ပေးထားသည်။

ယခုမူဝါဒအသစ်ကို အကောင်အထည်ဖော်ခဲ့သည့် သီတင်းခြောက်ပတ်အတွင်း ကလေး ၂၀၀၀ ခန့်ကို မိသားစုနှင့် ခွဲခြားထိန်းသိမ်းထားသည်ဟု သတင်းများက ဖော်ပြထားသည်။

အမေရိကန်သို့ တရားမဝင် နယ်စပ်ဖြတ်ကူးဝင်ရောက်လာသော အရွယ်ရောက်ပြီးသူများကို ဖမ်းဆီးထိန်းသိမ်းကာ ရာဇဝတ်မှုဖြင့် စွဲချက်တင်မည်ဖြစ်ရာ ၎င်းတို့နှင့် အတူပါလာသော ကလေးများကို သီးခြားထိန်းသိမ်းရေးစခန်းများတွင် စောင့်ရှောက်ထားသည်။

သမ္မတကတော် မယ်လာနီယာက မိသားစုနှင့်ကွဲနေသည့် ကလေးများကို မြင်တွေ့ရသည့်အပေါ် စိတ်မချမ်းသာကြောင်းနှင့် လွှတ်တော်ရှိ နိုင်ငံရေးပါတီနှစ်ခုအနေနှင့် ကောင်းမွန်သော လူဝင်မှုကြီးကြပ်ရေးမူဝါဒ ဖြစ်ပေါ်ရေးအတွက် အတူတကွ ဖြေရှင်းဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းပြောကြားသည်။

“ကျွန်မတို့တိုင်းပြည်ဟာ ဥပဒေကို လိုက်နာတဲ့တိုင်းပြည် ဖြစ်ရမယ့်အပြင် နှလုံးသားနဲ့ အုပ်ချုပ်တဲ့ တိုင်းပြည်ဖြစ်ဖို့လည်းလိုတယ်”ဟု သူမက ဆိုသည်။

တက်ဆပ်ပြည်နယ်ရှိ ကလေးထိန်းသိမ်းစောင့်ရှောက်ရေးစခန်းသို့ သွားရောက်ကြည့်ရှုခဲ့သူ ဒီမိုကရက်အမတ် ဂျက်ဖ်မာကလေက “ကျုပ်တို့မြင်ခဲ့ရတာက အရင်က ဝေါလ်မတ်ကုန်လှောင်ရုံပေါ့။ အခုတော့ ကလေးထိန်းသိမ်းရေးစခန်း လုပ်ထားတယ်။ အထဲမှာ ကလေး ၁၅၀၀ ကျော် ရှိတယ်။ ဒါက သည်းခံမှုသုညအဆင့် မဟုတ်ဘဲ လူသားချင်းစာနာမှု သုညအဆင့်ဖြစ်နေပြီ”ဟု ဝေဖန်ပြောကြားသည်။

သမ္မတထရမ့်ကမူ ယခုမူဝါဒအတွက် ဒီမိုကရက်များပေးပို့သော ဥပဒေတွင် တာဝန်ရှိသည်ဟု အပြစ်ဖို့လိုက်ပြီး ဥပဒေသစ်အတွက် ရီပတ်ဘလစ်ကန်များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ဒီမိုကရက်များကို စနေနေ့က တိုက်တွန်းခဲ့သည်။

ထိုအတောအတွင်း အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယပ်အထိရှိသော တက်ဆပ်သဲကန္တာရထဲတွင် ကလေးထိန်းသိမ်းရေးစခန်းများ ဆောက်လုပ်မည့် အစီအစဉ်များကို တာဝန်ရှိသူများက ကြေညာထားသည်။

တနင်္ဂနွေနေ့က ကလေး ၁၀၀ ကျော် ထိန်းသိမ်းထားသော စခန်းတစ်ခုရှိသည့် တက်ဆပ်ပြည်နယ် တော်နီလိုမြို့တွင် ဆန္ဒပြသူများက ထရမ့်၏ မူဝါဒကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

နို့စို့အရွယ်နှင့် လမ်းလျှောက်စအရွယ် ကလေးများအပါအဝင် ကလေး ၂၀၀၀ နီးပါးကို မိသားစုများနှင့် ခွဲခြားထားသော ထရမ့်၏တင်းကျပ်သော သည်းခံမှုသုညအဆင့် မူဝါဒသည် တရားမဝင် နယ်စပ်ဖြတ်ကူးလာသူများကို ရပ်တန့်နိုင်မလားဆိုသောအချက်မှာ မသဲကွဲသေးပေ။  

F-04