News

POST TYPE

NEWS

ဗြိတိန်သို့ မြန်မာ့ကော်ဖီစပို့
19-Jun-2018
ရန်ကုန်၊ ဇွန် ၁၈

ပြည်ပကုန်စည်ပြပွဲများတွင် မြန်မာ့ ကော်ဖီများသွားရောက်ပြသစဉ် ဗြိတိန် နိုင်ငံက အရည်အသွေးမြင့် အာရေဗီးယား ကော်ဖီတန်ချိန် ၃၀ ဝယ်ယူရန် ကမ်းလှမ်းလာပြီး ဗြိတိန်နိုင်ငံသို့ ဇွန်လပထမအပတ် မှစကာ စတင်တင်ပို့လျက်ရှိကြောင်း မြန်မာ နိုင်ငံကော်ဖီအသင်း အတွင်းရေးမှူး ဦးမင်းလှိုင်က ပြောကြားသည်။

မြန်မာနိုင်ငံမှ ကော်ဖီအစေ့များကို ဂျပန်၊ ဆွစ်ဇာလန် ၊ ဂျာမနီ၊ အမေရိက၊ ထိုင်ဝမ်၊ ကိုရီးယားနှင့် ဥရောပနိုင်ငံများ သို့ ပုံမှန်တင်ပို့လျက်ရှိပြီး ယခု ၂၀၁၈ ခုနှစ် တွင် ဈေးကွက်အသစ်အဖြစ် ကနေဒါနှင့် ဗြိတိန်နိုင်ငံများမှ ဝယ်ယူရန် ကမ်းလှမ်း လာခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ကော်ဖီ အသင်းထံမှ သိရသည်။ 

“ဒီနှစ်မှာ ကနေဒါတို့၊ အင်္ဂလန်တို့ လို ဈေးကွက်အသစ်တွေလည်း ထပ်ရတဲ့ အတွက် ကော်ဖီစိုက် တောင်သူတွေအနေ နဲ့လည်း ဧကတွေ တိုးစိုက်နေကြပါတယ်။ ဝယ်ဖို့ကမ်းလှမ်းတဲ့အထဲမှာ တချို့ကျ ကွန်တိန်နာတစ်လုံး မှာတာရှိတယ်။ တချို့ ကျတော့ ငါးတန်၊ ၁၀ တန် မှာကြတယ်။ ဈေးကတော့ အရည်အသွေးပေါ်မူတည် ပြီး ကော်ဖီအစေ့တစ်ကီလိုကို လေး ဒေါ်လာခွဲကနေ ခြောက်ဒေါ်လာလောက် အထိ ရတယ်” ဟု ဦးမင်းလှိုင်က ပြောဆို သည်။

ပုံမှန်ကော်ဖီထက်အရည်အသွေး ပိုမိုကောင်းမွန်သည့် အထူးတန်းဝင် ကော်ဖီအစေ့တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၆၀၀၀ မှ ၇၀၀၀ အထိရရှိပြီး ပုံမှန် ကော်ဖီအစေ့တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၀၀၀ မှ ၅၀၀၀ အထိရရှိကြောင်း ကော်ဖီလုပ်ငန်းရှင်များက ပြောကြားသည်။

ယခင်က ပြည်ပနိုင်ငံများသို့ တစ်နှစ် လျှင်ကော်ဖီအစေ့တန်ချိန် ၁၅၀ ခန့်သာ တင်ပို့နိုင်ခဲ့သော်လည်း ယခု ၂၀၁၈ ခုနှစ် တွင် တန်ချိန် ၃၀၀ ခန့် တိုးမြှင့်တင်ပို့ရန် ရည်မှန်းထားပြီး လက်ရှိအချိန်အထိ တန်ချိန် ၇၀ ခန့် တင်ပို့ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းထံမှ သိရ သည်။

ကော်ဖီကို မြန်မာနိုင်ငံအထက်ပိုင်း ဒေသများဖြစ်သည့် ရှမ်းပြည်နယ် ရွာငံ၊ နောင်ချိုနှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦး လွင်နှင့် မိုးကုတ်မြို့နယ်တို့တွင် အများဆုံး စိုက်ပျိုးလျက်ရှိပြီး မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ဧကပေါင်း သုံးသောင်းကျော်ရှိကြောင်း ယင်းအသင်းထံမှ သိရသည်။

J-11