News

POST TYPE

NEWS

ဦးကိုနီ လုပ်ကြံခံရမှုနှင့်ပတ်သက်၍ လက်နက်မှုဖြင့် စွဲချက်တင်ခံရသူ အောင်ဝင်းဇော်ကို တရားရှင်လွှတ်
18-Jun-2018
ရန်ကုန်၊ ဇွန် ၁၈ 

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် နှစ်ဖက်ရှေ့နေများ၏ ရာဇဝတ်ပြင်ဆင်မှု ၈ မှု တင်ပြလျှောက်ထားချက်ကို ဇွန်လ ၁၈ ရက် မွန်းလွဲပိုင်းက အမိန့်ချမှတ်ခဲ့ရာတွင် လက်နက်ဥပဒေပုဒ်မဖြင့် စွဲချက်တင် စစ်ဆေးနေသော အောင်ဝင်းဇော်ကို ယင်းအမှုမှ တရားရှင် လွှတ်မိန့်ချမှတ်ခဲ့သည်။ 

ယင်းအပြင် ဇေယျာဖြိုးအပေါ် စွဲချက်တင်ထားသည့် ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ခ)/ ၃၄ အစား ၃၀၂(၁)(ခ)/ ၁၀၉ ဖြင့် စွဲချက်တင် စစ်ဆေးရန် ပြင်ဆင်ခွင့်ပြုခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။ 

“အောင်ဝင်းဇော်ရဲ့ လက်နက်ဥပဒေနဲ့ စွဲဆိုခံထားရတဲ့ ရာဇဝတ်ပြင်ဆင်မှု လျှောက်ထားချက်ကို တရားသူကြီးက လက်ခံခဲ့တယ်။ အဲဒီအမှုကနေ သူ့ကို တရားရှင်လွှတ်ပေးလိုက်တာပါ။ ဇေယျာဖြိုးရဲ့ ပြင်ဆင်မှု လျှောက်ထားချက်မှာလည်း ပူးပေါင်းပါဝင်မှု ၃၄ အစား အားပေးကူညီမှု ၁၀၉ နဲ့ စွဲချက်တင်စစ်ဆေးဖို့ ပြင်ဆင်ချက် ပေးလိုက်တယ်။ ဒါပေမဲ့ ကျန်တဲ့ ရာဇဝတ်ပြင်ဆင်မှုတွေ အားလုံးကိုတော့ တရားသူကြီးက ပလပ်လိုက်တယ်”ဟု တရားလိုဘက်မှ ရှေ့နေတစ်ဦးဖြစ်သူ ဦးရောဘတ်စန်းအောင်က ပြောသည်။ 

အဆိုပါ အမှုကို မြောက်ပိုင်းခရိုင် တရားရုံးတွင် တရားလိုပြသက်သေ ၈၀ ဦးကို စစ်ဆေးပြီးနောက် သေနတ်သမား ကြည်လင်း(ခ) ဖိုးထူးကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁)(ခ)/ ၃၄ နှင့် ပုဒ်မ ၃၀၂(၂) အရလည်းကောင်း၊ အမှုနှင့် ပါဝင်ပတ်သက်နေသော အောင်ဝင်းဇော်နှင့် ဇေယျာဖြိုးတို့ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁)(ခ) / ၃၄ အရ လည်းကောင်း၊ အချုပ်လွတ် အာမခံရထားသူ အောင်ဝင်းထွန်းကို ရာဇသတ်ကြီး ပုဒ်မ ၂၁၂ ဖြင့်လည်းကောင်း၊ ကြည်လင်း(ခ) ဖိုးထူးနှင့် ပါဝင်ပတ်သက်နေသူ အောင်ဝင်းဇော်ကို လက်နက်များ အက်ဥပဒေ ပုဒ်မ ၁၉(ဃ)(စ) ဖြင့်လည်းကောင်း စွဲချက်တင် စစ်ဆေးရန် မြောက်ပိုင်းခရိုင် အထူးတရားရုံးက အမိန့်ချမှတ်ခဲ့ပြီးနောက် နှစ်ဖက်ရှေ့နေများက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ရာဇဝတ်ပြင်ဆင်မှု ၈ မှုကို တင်ပြလျှောက်ထားခဲ့သည်။ 

ယင်းတင်ပြ လျှောက်ထားမှုကို တိုင်းတရားလွှတ်တော်ရှိ ရုံးခန်အမှတ် (၇) တွင် တိုင်းတရားသူကြီး ဦးအောင်နိုင်က မေလ ၂၅ ရက်နေ့က နေ့ချင်းပြီး ကြားနာခဲ့ပြီးနောက် ဇွန်လ ၁၈ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ရာ၌ တရားလို ရှေ့နေများဘက်က တရားစွဲဆိုခံရသူများကို ၂၀၁၄ ခုနှစ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့်ပါ အရေးယူပေးရန် တင်ပြလျှောက်ထားချက်ကို တရားသူကြီးက ပလပ်ခဲ့သည်။ 

ထို့ပြင် သေနတ်သမားကြည်လင်း၏ ၎င်းအပေါ် စွဲချက်တင်ထားသည့် ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ခ)/ ၃၂ နှင့် ၃၀၂(၂) ၊ လက်နက်များ အက်ဥပဒေ ပုဒ်မ ၁၉ (ဃ) (စ)တို့အပေါ် ပြင်ဆင်ခွင့်ပြုရန် လျှောက်ထားချက်ကို ပလပ်ခဲ့ပြီး အောင်ဝင်းဇော်နှင့် ဇေယျာဖြိုးတို့နှစ်ဦး၏ ရာဇဝတ် ပြင်ဆင်မှု လျှောက်ထားခဲ့ရာတွင် အောင်ဝင်းဇော်ကို စွဲဆိုထားသည့် လက်နက်ဥပဒေ ပုဒ်မ ၁၉(ဃ)(စ) အမှုမှ တရားရှင်လွှတ် ခွင့်ပြု၍ ဇေယျာဖြိုး၏ စွဲဆိုခံထားရသော ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁)(ခ)/ ၃၄ အစား ပုဒ်မ ၃၀၂(၁)(ခ)/ ၁၀၉ ဖြင့် စွဲချက် ပြင်ဆင် စစ်ဆေးရန် တရားသူကြီးက အမိန့်ချမှတ် ခဲ့သည်။ 

အဆိုပါ အမှုတွင် အချုပ်လွတ် အာမခံ ရရှိထားသူ အောင်ဝင်းထွန်း၏ ရာဇဝတ် ပြင်ဆင်မှု လျှောက်ထားချက်မှာလည်း ပလပ်ခံရပြီး ယင်းအမှုကို လာမည့် ဇွန်လ ၂၈ ရက်နေ့တွင် မြောက်ပိုင်းခရိုင် အထူးတရားရုံးတွင် ဆက်လက်စစ်ဆေးရန် ရုံးချိန်းသတ်မှတ်ထားသော်လည်း တိုင်းဒေသကြီး တရားလွှတ်တော်မှ အမှုတွဲပြန်ကျမည့်အချိန်မှသာ ယင်းအမှုကို ဆက်လက် စစ်ဆေးနိုင်မည်ဖြစ်ကြောင်း ရှေ့နေများထံမှ သိရှိရသည်။

S-03