News

POST TYPE

NEWS

နီဂွါရာဂွါတွင် အပစ်ရပ်စဲပြီးတစ်ရက်အကြာ၌ မီးရှို့တိုက်ခိုက်မှုကြောင့် မိသားစုတစ်စုသေဆုံး
18-Jun-2018
မာနာဂွါ ဇွန် ၁၇

နီဂွါရာဂွါနိုင်ငံတွင် နှစ်လကြာအုံကြွမှုကိုအဆုံးသတ်စေသည့် အပစ်ရပ်စဲမှုကို အစိုးရနှင့် အတိုက်အခံများသဘော တူညီမှုရရှိအပြီး တစ်ရက်အကြာ စနေနေ့နံနက်တွင် အကြမ်းဖက် မီးရှို့မှုကြောင့် မိသားစုဝင်ခြောက်ဦး သေဆုံးသွားခဲ့သည်ဟု BBC သတင်းဌာနက ရေးသားဖော်ပြသည်။

ခေါင်းစွပ်အကျီဝတ်ထားသောလူ တစ်စုက ဆိုင်တစ်ဆိုင်ကို ဓာတ်ဆီမီးလောင်ဗုံးဖြင့်ပစ်၍ မီးရှို့ခဲ့ကြခြင်းဖြစ်သည်။ 

ယင်းဖြစ်ရပ်တွင် အစိုးရလိုလားသော ပြည်သူ့စစ်အဖွဲ့ကမီးရှို့ခဲ့ခြင်းဖြစ်ပြီး အကူအညီတောင်းရန် ကြိုးစားသူများကို ခြိမ်းခြောက်ခဲ့သည်ဟု အတိုက်အခံအုပ်စုက စွပ်စွဲထားသည်။

နီဂွါရာဂွါတွင် သမ္မတဒန်နီယယ် အော်တေဂါကိုကန့်ကွက်သော ဆန္ဒပြပွဲများ ဧပြီလတွင် စတင်ခဲ့ပြီးနောက်ပိုင်း လူ ၁၇၀ ကျော် သေဆုံးခဲ့ရသည်။

အစိုးရက ယခုဖြစ်ရပ်တွင် ပါဝင်ပတ်သက်မှုမရှိဟု ငြင်းဆိုခဲ့ပြီး သာမန်ရာဇဝတ်မှုသာ ဖြစ်သည်ဟုပြောကြားသည်။ 

မီးလောင်သေဆုံးသွားခဲ့သော မိသားစုသည် မွေ့ရာအရောင်းဆိုင်ကိုပိုင်ဆိုင်ပြီး ဆိုင်အပေါ်ထပ်တွင် နေထိုင်ကြသည်။

အမေရိကနိုင်ငံများအဖွဲ့ OAS ဥက္ကဋ္ဌလူးဝစ်အယ်မာဂရိုကအဆိုပါ မီးရှို့မှုကို ပြစ်တင်ရှုတ်ချကြောင်းကြေညာချက် ထုတ်ပြန်သည်။

မြို့တော် မာနာဂိုတွင် ပြည်သူ့ရဲ တပ်ဖွဲ့က အထောက်အပံ့ပေးထားသော အစိုးရလိုလားသည့် မျက်နှာဖုံးစွပ်အုပ်စုများ၏ လက်ချက်ကြောင့် နောက်ထပ်အနည်းဆုံး လူနှစ်ဦးသေဆုံးခဲ့သည်ဟုလည်း သိရှိရသည်။

အကြမ်းဖက်မီးရှို့မှုကြောင့် တင်းမာမှုများ ဖြစ်ပေါ်နေသော်လည်း ရိုမန်ကက် သလစ်ဘုရားကျောင်းက ကြားဝင်စေ့စပ်ပေးနေသော တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်ရန် အတိုက်အခံအုပ်စုက သဘောတူထားသည်။ 

ဆွေးနွေးညှိနှိုင်းမှုများကို သောကြာနေ့က ပြန်လည်စတင်ခဲ့ခြင်းဖြစ်ပြီးအစိုးရနှင့် အတိုက်အခံအုပ်စုတို့က အပစ်ရပ်စဲရန် သဘောတူညီမှု ရရှိကြောင်း အံ့အားသင့်ဖွယ်ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဖြစ်မှန် စစ်ဆေးရေးကော်မရှင်ကို ထူထောင်ရန်နှင့် နိုင်ငံတကာစုံစမ်း စစ်ဆေးသူများကို ခွင့်ပြုရန် သဘောတူညီမှု ရရှိထားသည်။

သို့ရာတွင် သမ္မတအော်တေဂါက ၎င်း၏ တတိယသက်တမ်းကို ၂၀၂၁ အထိ အပြည့် ထမ်းဆောင်မည်ဖြစ်ပြီး ရွေးကောက်ပွဲစောစောကျင်းပရန် တောင်းဆိုမှုကို လက်မခံဟု ထုတ်ဖော်ပြောဆိုထားသည်။

ဆန်ဒီနစ္စတာသူပုန်ခေါင်းဆောင်ဟောင်းအော်တေဂါသည် အာဏာရလာသည့်သက်တမ်း ၁၁ နှစ်ရှိနေပြီဖြစ်ပြီး ၂၀၁၆ တွင် ထောက်ခံမဲ ၇၀ ရာခိုင်နှုန်းဖြင့် ပြန်လည်တင်မြှောက်ခြင်းခံရသည်။

လက်ရှိပဋိပက္ခမှာ ဧပြီလ ၁၈ ရက်တွင် အော်တေဂါကပင်စင်နှင့် လူမှုဖူလုံရေး ထောက်ပံ့ကြေးများ ဖြတ်တောက်သည့် ဥပဒေကို ထုတ်ပြန်ရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။

ပင်စင်စားများနှင့် ကျောင်းသားများက စတင်ဆန္ဒပြခဲ့ကြရာမှ ရက်အနည်းငယ်အကြာတွင် ပြည်သူထောင်ပေါင်းများစွာ ပူးပေါင်းပါဝင်လာခဲ့ကြသည်။

ဆန္ဒပြမှုကို ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းမှုကြောင့် ပြည်သူထောင်ပေါင်းများပါဝင်သော ဆန္ဒပြမှုများဆက်တိုက် ဖြစ်ပေါ်လာခဲ့ပြီး သမ္မတအော်တေဂါ နုတ်ထွက်ပေးရန် တောင်းဆိုထားသည်။

သမ္မတအော်တေဂါကမူ လက်ယာယိမ်းအုပ်စုများက အားပေးအားမြှောက်ပြုလုပ်နေသော ဆန္ဒပြမှုများတွင် အကြမ်းဖက်ရာဇဝတ်ဂိုဏ်းသားများ ရောနှောစိမ့်ဝင်နေသည်ဟု အကြောင်းပြပြောဆိုလျက်ရှိသည်။

F-04