News

POST TYPE

NEWS

သူလျှိုစွပ်စွဲမှု ကိစ္စများကို ရှင်းလင်းချက်ပေးရန် ဂျာမနီကို ဩစတြီးယားတောင်းဆို


ဗီယင်နာဇွန် ၁၇

စနေနေ့က သတင်းစာနှစ်စောင်တွင် ပါရှိခဲ့သော ဩစတြီးယားပိုင်နက်အတွင်း နိုင်ငံရေးသမားများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ကုမ္ပဏီများကို ဂျာမန်သူလျှိုများက စနစ်တကျ လျှို့ဝှက်ထောက်လှမ်းခဲ့သည်ဟူသော ကိစ္စများကို အပြည့်အဝ ရှင်းလင်းချက်ပေးရန် ဩစတြီးယားက ဂျာမနီကိုတောင်းဆိုလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ 

၁၉၉၉ မှ ၂၀၀၆ အတွင်း ဂျာမနီထောက်လှမ်းရေးဌာန BND သည် ဩစတြီးယားပိုင်နက်အတွင်းရှိ နိုင်ငံရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ဘဏ်များ၊ ကုမ္ပဏီများနှင့် လက်နက်ထုတ်လုပ်သူများစုစုပေါင်း ၂၀၀၀ ခန့်ကို လျှို့ဝှက်ထောက်လှမ်းခဲ့သည်ဟု Der Standard နှင့် Weekly Profile သတင်းစာနှစ်စောင်က ဖော်ပြခဲ့ခြင်းဖြစ်သည်။

“ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံတွေအကြားမှာ ဒီလိုကိစ္စတွေ မရှိသင့်ပါဘူး”ဟု ဩစတြီးယားအဓိပတိ ဆီဘက်ရှန်ကားလ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ဘယ်သူတွေကို စောင့်ကြည့်ခဲ့သလဲ၊ ဘယ်အချိန်မှာစုံစမ်းမှု ပြီးဆုံးခဲ့သလဲ၊ ရပ်ဆိုင်းလိုက်တာ သေချာရဲ့လား စတဲ့အချက်တွေကို ကျွန်တော်တို့ သိချင်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

ဥရောပတာဝန်ရှိသူများနှင့် ကုမ္ပဏီများအပေါ် အမေရိကန်တို့ကထောက်လှမ်းမှုကို ဂျာမနီထောက်လှမ်းရေးဌာနက ကူညီခဲ့သည်ဟူသော စွပ်စွဲချက်များသည် ၂၀၁၄ တွင် ပထမဦးဆုံးထွက်ပေါ်လာခဲ့ပြီး နောက်တစ်နှစ်အကြာတွင် ဩစတြီးယားက တရားဝင် တိုင်ကြားမှုပြုလုပ်ခဲ့သည်။

သို့ရာတွင် ယခုသူလျှိုထောက်လှမ်းမှု ကိစ္စများသည် သေချာသည်ဆိုပါက နောက်ထပ်အသစ်ဖြစ်သည်ဟု ဆီဘက်ရှန် ကားလ်က ဆိုသည်။

ဩစတြီးယားအစိုးရသည် ဂျာမန်အာဏာပိုင်များနှင့် ဆက်သွယ်ဆောင်ရွက်နေပြီး ဂျာမန်တို့ဘက်မှ လိုလိုလားလားပူး ပေါင်းဆောင်ရွက်လိုပုံရသည်ဟု သိရသည်။ “ဒီစွပ်စွဲချက်တွေကို ဂျာမနီကလိုလိုလား လားရှင်းလင်းချက်ပေးပြီး ပွင့်လင်းမြင်သာအောင် ပြုလုပ်လိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု ကားလ်က ပြောကြားသည်။

အဆိုပါအချက်အလက်များသည် ဂျာမန်သတင်းဇာစ်မြစ်များထံမှ ရရှိသော BND ဖိုင်များကို အခြေခံကာဖော်ပြထားခြင်းဖြစ်သည်ဟု သတင်းစာနှစ်စောင်က ပြောကြားသည်။

IAEA အဏုမြူစွမ်းအင် အေဂျင်စီ၊ အမေရိကန်နှင့် အီရန်သံရုံးများ၊ ရေနံတင်ပို့သော နိုင်ငံများအဖွဲ့ OPEC ဩစတြီးယားဝန်ကြီးများ၊ ဘဏ်များ၊ APA သတင်းဌာနတို့အပါအဝင် ပစ်မှတ် ၂၀၀၀ ခန့်ပါဝင်သော စာရင်းကို ဆန်းစစ်ခဲ့သည်ဟု အဆိုပါသတင်းစာနှစ်စောင်က ပြောကြားသည်။

ဂျာမနီထောက်လှမ်းရေးဌာန BND ကမူ လောလောဆယ် မှတ်ချက်ပေးခြင်းမရှိပေ။

ဩစတြီးယားနိုင်ငံတွင်လည်း လက်ယာစွန်းပြည်ထဲရေးဝန်ကြီးသည် လက်အောက်ဝန်ထမ်းများကို ဖယ်ရှားပစ်ရန် ကြိုးစားနေသည်ဟု နိုင်ငံရေးပြိုင်ဘက်များထံမှ အငြင်းပွားဖွယ် စွပ်စွဲချက်များထွက် ပေါ်လာပြီးနောက် ပြည်တွင်းထောက်လှမ်းရေးဌာနကို ပြောင်းလဲပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

ယခုကိစ္စသည် ဂျာမနီအားဩစတြီးယားရှိ ထောက်လှမ်းရေးကိစ္စများကို စေ့စပ်ညှိနှိုင်းရတော့မည့် အခြေအနေသို့ ရောက်ရှိသွားစေသည်။  

F-04