News

POST TYPE

NEWS

တောင်ပြုန်းပွဲတော် ဈေးဆိုင်ခန်းမြေနေရာ ယခုလကုန်ပိုင်းရောင်းချရန်စီစဉ်
18-Jun-2018

မန္တလေး၊ ဇွန် ၁၇

မတ္တရာမြို့နယ်၊ တောင်ပြုန်းကျေးရွာရှိ ဆုတောင်းပြည့် ဆုတောင်းရ မြတ်စွာဘုရား ဗုဒ္ဓပူဇနိယပွဲ ဆွမ်းကြီးလောင်းလှူ ပူဇော်ပွဲနှင့် တောင်ပြုန်းမင်းနှစ်ပါးပွဲတော်၌ ရောင်းချမည့် ဈေးသည်များအတွက် မြေနေရာများကို ဇွန်လကုန်ပိုင်းတွင် ရောင်းချရန် စီစဉ်ထားကြောင်း ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။

“ရက်အတိအကျ သတ်မှတ်ချက်တော့မရှိသေးပါဘူး။ ဒီလကုန်ပိုင်း ၂၇ ရက်လောက်တော့ လေလံပစ်မယ့်ရက် လုပ်ဖြစ်မယ်လို့ ခန့်မှန်းထားတယ်”ဟု ဆုတောင်းပြည့် ဆုတောင်းရ မြတ်စွာဘုရား ဂေါပကအဖွဲ့မှ စာရင်းစစ် ဦးမောင်မောင်ကြီးက ပြောကြားသည်။

ယင်းပွဲတော်အတွက် ဈေးကြီးနှင့် ဈေးလေးရှိ ဆိုင်ခန်းပေါင်း ၈၀၀ ကျော်ကို ဂေါပကအဖွဲ့မှ ရောင်းချပေးမည်ဖြစ်ပြီး ရဟတ်၊ ပင်လယ်ဓားပြ၊ ဓာတ်ပုံတိုက် စသည်တို့အတွက် ညောင်ပင်ဝိုင်းမြေနေရာ၊ ဇာတ်ရုံမြေနေရာနှစ်ခု၊ ရုပ်ရှင် (သို့မဟုတ်) ဆပ်ကပ်၊ မျက်လှည့်၊ ရေနှင့်သန့်စင်ခန်းလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်းတို့အတွက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လေလံတင် ရောင်းချမည်ဖြစ်သည်။

အဆိုပါပွဲတော်ကို နှစ်စဉ် ဝါခေါင်လဆန်း ၈ ရက်မှ ၁၅ ရက်အထိ ကျင်းပလေ့ရှိရာ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်သောရောဂါ Seasonal Influenza A (H1N1)  ဖြစ်ပွားခဲ့သောကြောင့် ယခင်နှစ်က ပွဲတော်မကျင်းပနိုင်ခဲ့ပေ။ 

ယင်းကြောင့် လေလံဆွဲ ဝယ်ယူထားသူများကို ငွေပြန်အမ်းကာ ဈေးဆိုင်ခန်းဝယ်ယူသူအချို့ထံမှ စရန်ယူထားကြောင်း ပွဲတော်ကျင်းပရေးကော်မတီထံမှ ထပ်မံသိရသည်။

M-07

  • VIA