News

POST TYPE

NEWS

ကုန်သွယ်ရေးစည်းကြပ်ခွန်ကောက်မည့် ထရမ့်၏အစီအစဉ်ကို တရုတ်မီဒီယာများ လှောင်ပြောင်သရော်


ဘေဂျင်း၊ ဇွန် ၁၇

ဒေါ်လာ ၅၀ ဘီလီယံတန်ဖိုးရှိသည့် တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းများအပေါ် ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်မည်ဟူသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစီ အစဉ်နှင့်ပတ်သက်၍ တရုတ်မီဒီယာများက ၎င်းကို လှောင်ပြောင် ပြက်ရယ်ပြုခဲ့ကြကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

သောကြာနေ့က ကုန်သွယ်ရေးနှင့်ပတ်သက်၍ ကြေညာချက်တစ်ခုထုတ်ပြန်ရာတွင် တရုတ်ထုတ်ကုန်များကို အခွန်စည်းကြပ်မည်ဟု ထရမ့်ကဆိုခဲ့သလို တရုတ်နိုင်ငံကိုလည်း အသိဉာဏ်မူပိုင်ခွင့်သူခိုးဟု စွပ်စွဲခဲ့သည်။ 

သို့အတွက်ကြောင့် တရုတ်နိုင်ငံက အမေရိကန်ထုတ်ကုန်ပစ္စည်း ၆၅၉ မျိုး (ဒေါ်လာ ၅၀ ဘီလီယံဖိုးရှိသည်) များကို အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်မည်ဟု ဆိုခဲ့သည်။ 

ထရမ့်၏ အစီအစဉ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံပိုင်မီဒီယာက “အသိဉာဏ်ရှိသူ များသည် တံတားများ တည်ဆောက်ကြသည်။ သို့သော် ရူးနှမ်းသူများက တံတိုင်းများဆောက်ကြသည်”ဟု လှောင်ပြောင်ပြောဆိုသည်။

စီးပွားရေးတံခါးဖွင့်လှစ်ကာ လမ်း ကြောင်းချဲ့ထွင်မှုများ ပြုလုပ်ခဲ့ခြင်းသည် တရုတ်နှင့် အမေရိကန်ပြည်ထောင်စု အကြား ကုန်သွယ်ရေးအငြင်းပွားမှုများ အတွက် အကောင်းဆုံးတုံ့ပြန်မှုဖြစ်သည် ဟု နိုင်ငံပိုင် Xinhua သတင်းဌာနက ဆိုသည်။

“အသိဉာဏ်ရှိသူများသည် တံတားများဆောက်လုပ်ကြသည်၊ အရူးများသာ တံတိုင်းဆောက်ကြသည်”ဟုလည်း မှတ်ချက်ပေးဖော်ပြသည်။ 

တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော် People's Daily သတင်းစာကမူ ဒေါ်နယ်ထရမ့်အုပ်ချုပ်ရေးအဖွဲ့သည် ကမ္ဘာလုံးစီးပွားရေး ကမောက်ကမဖြစ်အောင်လုပ်ရသည့်ကိစ္စမျိုးနှင့် ကခုန်ကစားရန် စိတ်စွဲလမ်းနေသည်ဟု ဝေဖန်သည်။ 

ထို့ပြင် တရုတ်အစိုးရအာဘော် သတင်းစာတစ်စောင်ဖြစ်သော Global Times ကလည်း ထရမ့်သည် ကမ္ဘာ့အစီအစဉ်ပျက်ပြားအောင် လုပ်ဆောင်နေသူ တစ်ဦးဖြစ်သည်ဟု ပြောကြားသည်။ 

အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော China Daily သတင်းစာကမူ နှစ်နိုင်ငံကုန်သွယ်ရေးတွင် အဆိုးဆုံးအနေအထားများကို ဖယ်ရှားပစ်နိုင်သည့် အခွင့်အရေးရှိနေသေးကြောင်း ဖော်ပြသည်။ 

“မှောက်ချည် လှန်ချည် အမျိုးမျိုးဖြစ်နေသည့် ထရမ့်အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည့်အတွက်ကြောင့် ကုန်သွယ်ရေးစစ်ပွဲ စတင်တော့မည်ဟု ဆုံးဖြတ်ရန် စောလွန်းနေသေးသည်”ဟု China Daily က ဆိုသည်။ 

F-01