News

POST TYPE

NEWS

ချောက်တွင် ယာဉ်နှစ်ဆင့်တိုက်၍ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသေဆုံး
ချောက်၊ ဇွန် ၁၇

မကွေးတိုင်း ချောက်မြို့ အမှတ် (၇) အုတ်ဖိုရပ်ကွက် ဘောလုံးကွင်း တိုက်တန်းရှေ့တွင် ဇွန်လ ၁၆ ရက်နေ့ ည ၇ နာရီခွဲက ယာဉ်နှစ်ဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။

“ကောင်မလေးက ကိုယ်ဝန်သုံးလနဲ့ OG ပြလာတာတဲ့”ဟု မျက်မြင်တွေ့ရှိသူ ဒေါ်နွေးက ပြောဆိုသည်။

ဖြစ်စဉ်မှာ အမှတ် (၁၄) စစ်ကွင်းရပ်နေသူ ဦးတင်ဝင်းထွန်း (၃၃ နှစ်) မောင်းနှင်လာသည့် ဒိုင်နာယာဉ်သည် အရှိန်ပြင်းစွာမောင်းနှင်လာပြီး တစ်ဖက်ယာဉ်ကြောဘက်သို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်မှလာသည့် ထော်လာဂျီယာဉ်ကို အရှိန်ဖြင့်တိုက်ပြီး ယင်းထော်လာဂျီ နောက်မှ အမှတ် (၁၄) ရပ်ကွက်နေသူ အငယ်လေး (ခ) စိုးမင်းသူမောင်းနှင်ပြီးနောက်မှ ကိုယ်ဝန်ဆောင်သည် ဒေါ်စုမွန်ဖြိုး (၂၀ နှစ်) လိုက်ပါလာသည့် လော့ဂျာဆိုင်ကယ်ကို တိုက်မိ၍ ကိုယ်ဝန်ဆောင်သည် နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ပြီး ထော်လာဂျီယာဉ်မောင်း ဦးကျော်ဇေယျတွင် ဝဲဘက် လက်ကောက်ဝတ် ဖူးရောင် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကာ အငယ်လေးတွင် ယာဘက်ဦးခေါင်းချိုစောင်း ဖူးရောင် (မစိုးရိမ်ရ) ဒဏ်ရာများရရှိကြောင်း ချောက်မြို့မရဲစခန်းထံမှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားအရှိန်ပြင်းစွာ မဆင်မခြင်မောင်းနှင်သည့် ဒိုင်နာယာဉ်မောင်း ဦးတင်ဝင်းထွန်းကို ချောက်မြို့မရဲစခန်းက ယာဉ် (ပ) ၂၄/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က၊ ၃၃၇ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း ယင်းစခန်းထံမှသိရသည်။

နေနိုင်(ချောက်)