News

POST TYPE

NEWS

မန္တလေး ဆိုင်ကယ်တက္ကစီများ စည်းကမ်းတင်းကျပ်မည်
18-Jun-2018
မန္တလေး၊ ဇွန် ၁၇

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့် မြို့တွင်းပြေးဆွဲနေသော ဆိုင်ကယ်တက္ကစီများ စနစ်တကျဖြစ်စေရန် စည်းကမ်းတင်းကျပ်မည်ဖြစ်ကြောင်း ယင်းကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

အငှားဆိုင်ကယ်ယာဉ်မောင်း အချို့သည် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်နေခြင်း၊ သတ်မှတ်ထားသည့်နှုန်းထက် ပိုမိုတောင်းခံခြင်းနှင့် ခရီးသည်များလုံခြုံ စိတ်ချစွာသွားလာနိုင်ရေးအတွက် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

“လက်ရှိမှာလည်း သူ့မြို့နယ်နဲ့သူ ဂိတ်တွေဖွင့်ထားပြီးသားရှိတယ်။ သွားရေးလာရေးအတွက် အဆင်ပြေတဲ့နေရာတွေမှာ ဂိတ်တွေ ဖွင့်နိုင်ဖို့လည်း ဆောင်ရွက်ပေးနေတယ်။ သီးသန့်မောင်းနေတဲ့ သူတွေလည်း ကိုယ်နဲ့နီးစပ်ရာ ဂိတ်တစ်ခုခုမှာ မှတ်ပုံတင်လို့ရမယ်”ဟု ဦးကျော်ဆန်းမြင့်က ရှင်းပြသည်။ 

မန္တလေးမြို့တော်၏ အချက်အချာကျသော နေရာများတွင် အငှားဆိုင်ကယ်များကို ဂိတ်ဖွင့်ပေးခြင်း၊ ဂိတ်မှူးထားရှိပေးခြင်း၊ စနစ်တကျမှတ်ပုံတင်ခြင်း၊ ကျသင့်သည့်နှုန်းထားများ သတ်မှတ်ပေးခြင်း၊ အငှားဆိုင်ကယ်ယာဉ်မောင်းအတွက် နံပါတ်ပါသော ဝေ့စ်ကုတ်အင်္ကျီများ ဝတ်ဆင်စေခြင်း၊ သတ်မှတ်ဆိုင်ကယ် ဦးထုပ်များ ဆောင်းစေခြင်း၊ အငှားဆိုင်ကယ်နှင့် ယာဉ်မောင်းအတွက် လိုင်စင်ရှိမှသာလျှင် မောင်းနှင်စေခြင်း စသည်တို့ကို မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီအနေနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်သည်။ 

“ကားကြီးကွင်းလိုနေရာမျိုးမှာဆို မောင်းတဲ့သူတွေအတွက်တော့ အဆင်ပြေတာပေါ့။ ဈေးထဲလိုနေရာနဲ့ ဦးလိုမျိုး ကိုယ့်အရပ်ထဲကလူတွေကိုပဲ လိုက်ပို့တဲ့သူတွေကျတော့ အဆင်မပြေနိုင်ဘူးလေ။ မဟုတ်လည်း ခရီးသည်က မရှာရဘူးဆိုတော့ ဂိတ်လည်းမထိုးဘူး”ဟု ဆိုင်ကယ်အငှားယာဉ်မောင်း ဦးချိုတူးက ပြောဆိုသည်။

အငှားဆိုင်ကယ်ယာဉ်မောင်းများ စနစ်တကျဖြစ်စေရေး အသိပေးဆွေးနွေးပွဲကို ဇွန်လ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် မန္တလေးမြို့တော်ခန်းမ၌ ကျင်းပမည်ဖြစ်ရာ အဆိုပါဆွေးနွေးပွဲတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအကြောင်း ပညာပေးမည်ဖြစ်ကာ စမတ်ကတ်များ ထုတ်ပေးနိုင်ရန် မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ပေးမည်ဖြစ်သည်။

မန္တလေးမြို့တော်တွင် အငှားဆိုင်ကယ်ယာဉ်မောင်းလုပ်ငန်းလုပ်သည့် အဖွဲ့ပေါင်း ၁၄၇ ဖွဲ့ရှိပြီး ပြေးဆွဲနေသည့် ဆိုင်ကယ်စီးရေ ၁၈၆၀ စီးရှိကြောင်း မြို့တော်စည်ပင်သာယာရေး ကော်မတီက ကောက်ယူထားသော စာရင်းများအရသိရသည်။ 

M-07


  • VIA