News

POST TYPE

NEWS

အလိုအလျောက်တိုင်းရေမီတာ အရစ်ကျစနစ်ဖြင့် တပ်ဆင်ပေးမည်
16-Jun-2018

မန္တလေး၊ ဇွန် ၁၆

မန္တလေးမြို့တော်တွင် လက်ရှိ အသုံးပြုနေသည့် ရေမီတာများအစား ပြောင်းလဲအသုံးပြုမည့် အလိုအလျောက် တိုင်းတာနိုင်သော ရေမီတာများ (Automatic Meter Reading System) ကို အရစ်ကျစနစ်ဖြင့် တပ်ဆင်ပေးမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောကြားသည်။

“ဧရိယာ(၁) ဖြစ်တဲ့ မဟာအောင်မြေမြို့နယ်ကစပြီး လိုက်တပ်နေပြီ”ဟု ၎င်းက ပြောကြားသည်။

ရေမီတာအသစ် တပ်ဆင်မည့်သူများအနေနှင့် အလိုအလျောက် တိုင်းတာနိုင်သော ရေမီတာအသစ် တပ်ဆင်မည်ဆိုပါက ကျပ်တစ်သိန်း ကျသင့်မည်ဖြစ်ပြီး ကျပ်လေးသောင်း တစ်ကြိမ်၊ ကျပ်သုံးသောင်း နှစ်ကြိမ် ပေးသွင်းရမည်ဖြစ်သည်။

လက်ရှိရေမီတာအစား ပြောင်းလဲတပ်ဆင်မည်ဆိုပါက ကျပ်ခြောက်သောင်းခွဲ ကျသင့်မည်ဖြစ်ပြီး ကျပ်နှစ်သောင်းခွဲ တစ်ကြိမ်၊ ကျပ်နှစ်သောင်း နှစ်ကြိမ်ပေးသွင်းရမည်ဖြစ်သည်။

အဆိုပါမီတာ တပ်ဆင်ခြင်းဖြင့် မီတာဖတ်သူများအနေနှင့် နေအိမ်ခြံဝင်းအတွင်း ဝင်ဖတ်ရန်မလိုဘဲ အိမ်ရှေ့လမ်းမှ ဖြတ်သွားရုံဖြင့် ရေမီတာနံပါတ်နှင့် ကျသင့်ငွေပမာဏကို သိရှိမည်ဖြစ်ကြောင်း၊ မီတာများကို ရှေ့ပြေးစီမံချက်အဖြစ် မြို့နယ်သုံးခုတွင် ဧရိယာသုံးခုသတ်မှတ်ကာ စတင်တပ်ဆင်မည်ဖြစ်ကြောင်း၊ မန္တလေးမြို့တော် တစ်ခုလုံးအတွက် ၂ နှစ်အတွင်း အပြီးတပ်ဆင်ရန် ရည်ရွယ်ထားကြောင်း မြို့တော်စည်ပင်၊ ရေနှင့်သန့်ရှင်းမှုဌာနထံမှ သိရသည်။

“မဖြစ်မနေ လဲမယ်ဆိုလို့သာ ပိုက်ဆံပေးလဲရမှာ။ တကယ်ဆို အစိုးရဘတ်ဂျက်နဲ့ လဲပေးပေါ့။ အရစ်ကျပဲပေးပေး၊ တစ်လုံးတည်းပဲပေးပေး ပေးရမှာချင်း အတူတူ အရစ်ကျက ဝင်ငွေနည်းသူအတွက်တော့ ကောင်းပါတယ်”ဟု မန္တလေးမြို့ခံ အိမ်ရှင်မတစ်ဦးဖြစ်သူ ဒေါ်ထိပ်တင်ငြိမ်းငြိမ်းက ပြောဆိုသည်။

မန္တလေးမြို့တွင် လက်ရှိအသုံးပြုနေသော ရေမီတာအလုံး တစ်သိန်းရှိသည့်အနက် ငါးသောင်းခန့်သာ ရေခွန်ပေးဆောင်နေပြီး လက်ရှိ တပ်ဆင်ထားသည့် ရေမီတာများသည် ရေမီတာဖတ်သူနှင့် ပြည်သူအချို့အတွက် အဆင်မပြေဖြစ်နေကြောင်း၊ အလိုအလျောက် တိုင်းတာနိုင်သော ရေမီတာ တပ်ဆင်ပါက မြို့တော်စည်ပင်အတွက် တိကျသည့်အခွန်ငွေ ရရှိမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

အလိုအလျောက် တိုင်းတာနိုင်သော ရေမီတာ တပ်ဆင်ခြင်းသည် အစိုးရနှင့် ပြည်သူ့ဝန်ထမ်းအတွက် အဆင်ပြေမည်ဖြစ်သော်လည်း ရေခွန် မှန်ကန်စွာ ဆောင်သော ပြည်သူများအတွက် မျှတမှုမရှိကြောင်း၊ လက်ရှိ အသုံးပြုနေသော ရေမီတာများနှင့် အဆင်ပြေနေပြီဖြစ်သောကြောင့် အလိုအလျောက် တိုင်းတာနိုင်သော ရေမီတာ တပ်ဆင်ခြင်းသည် အပိုကုန်ကျသကဲ့သို့ ဖြစ်နေကြောင်း မန္တလေးမြို့ခံအချို့က ထောက်ပြပြောဆိုသည်။ 

M-07