News

POST TYPE

NEWS

မိုးကုတ်မြို့တွင် မြေပြိုမှုကြောင့် လူငါးဦးသေဆုံး
15-Jun-2018


မန္တလေး၊ ဇွန် ၁၄

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဇွန်လ ၁၄ ရက်နေ့ နံနက်အစောပိုင်းက မိုးကုတ်မြို့ အနောက်ပိုင်းကျပ်ပြင် ရပ်ကွက်တွင် တောင်စောင်းပြိုကျကာ လူငါးဦးသေဆုံးသွားခဲ့ကြောင်း ယင်းမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၂ မှ မန္တလေးတိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးစောသောင်းတင်က ပြောကြားသည်။

“ဒီမှာက တစ်ပတ်လုံးမိုးကရွာနေတာပါ။ တစ်လျှောက်လုံး မြို့ပတ်လည်မှာ ဟိုနားမြေပြိုလိုက်၊ ဒီနားမြေပြိုလိုက်ဖြစ်နေတာ။ အဖိတ်အစဉ်မရှိခဲ့ဘူး။ ဒီနေ့မနက်တော့ မိသားစုတစ်ခုနဲ့ သူတို့အိမ်ကို လာတဲ့ဧည့်သည်တစ်ယောက် ဖိတ်စဉ်သွားတာ” ဟု ၎င်းက ရှင်းပြသည်။

အောင်သစ်လွင်ရပ်ကွက်အတွင်းရှိ တောင်စောင်းတစ်ခုတွင်တည်ဆောက်ထားသည့် နေအိမ်သုံးခုအပေါ် အဆိုပါနေ့ နံနက် ၄ နာရီခန့်အချိန်က မြေပြိုကျခဲ့ခြင်းဖြစ်သည်။

အဆိုပါတောင်စောင်းတွင် နေအိမ်ငယ်သုံးလုံးရှိရာမှ ကျန်နှစ်လုံးတွင်နေထိုင်သူများအနေနှင့် တောင်ပြိုကျမည့် အန္တရာယ်ကို စိုးရိမ်သည့်အတွက် ပြောင်းရွှေ့နေထိုင်ခဲ့ကြသော်လည်း အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးပါဝင်သည့် မိသားစုမှာ မပြောင်းရွှေ့နိုင်ခဲ့ဘဲ မြေပြိုကျမှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

သေဆုံးသူများမှာ ဒေါ်အိနွေ၊ ၎င်း ၏သားဖြစ်သူ သတ္တမတန်းကျောင်းသား နိုင်ထက်လင်း၊ ဒေါ်အိနွေ၏မောင်များဖြစ်သော ကိုမိုးသူနှင့် ကိုအောင်ကျော်ဇော၊ ဧည့်သည်ဖြစ်သူ ကိုဇော်မျိုးဦးတို့ဖြစ်ကြောင်း ၎င်းတို့အဆိုအရ သိရသည်။

မိုးကုတ်ဒေသခံအာဏာပိုင်များက သေဆုံးသူများကို ပြန်လည်ဖော်ထုတ်၍ ဆေးရုံသို့ပို့ဆောင်ထားပြီးဖြစ်ကာ ကျန်နေအိမ်နှစ်လုံးမှ မိသားစု ခုနစ်ဦးခန့်ကိုလည်း တရုတ်ဘုံကျောင်းတစ်ခုတွင် ယာယီနေထိုင်နိုင်ရန် စီစဉ်ထားကြောင်း ယင်းမြို့နယ် စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးဝင်းတင့်က ပြောကြားသည်။

M-04