News

POST TYPE

NEWS

မြောက်စည်းကျေးရွာ ကမ်းပြိုကာကွယ်သည့် သောင်ဘောင်တန်း ရေမျော


ကလေး၊ ဇွန် ၁၄ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ မြောက်စည်းကျေးရွာအနီး မဏိပူရ် မြစ်ကမ်းထိန်းနံရံပြုလုပ်ရန်နှင့် ကျေးရွာ ရေတိုက်စားမှုမှ ကာကွယ်ရန်ပြုလုပ်ထားသည့် ရေလမ်းကြောင်းဖြောင့်သည့် သောင်တူးထားသည့်ဘောင်တန်း ရေနှင့် မျောပါပျက်စီးခဲ့ကြောင်း မြောက်စည်းကျေးရွာ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းတာဝန်ယူ တည်ဆောက်နေသည့် MIT Co.,Ltd. မှ တာဝန်ခံ ဦးမင်းနောင်က ပြောကြားသည်။ 

မဏိပူရ်မြစ်ရေ တိုက်စားခြင်းကြောင့် မြောက်စည်းကျေးရွာရှိ နေအိမ်များပြောင်းရွှေ့နေရရာတွင် မြစ်ရေတိုက်စားခြင်းကို ကာကွယ်နိုင်ရေး မြောက်စည်းကျေးရွာကို ရေဦးတည့်တည့်ကျသည့် နေရာတွင် မြေထိန်းနံရံတည်ဆောက်ရန်နှင့် ကျေးရွာကို ရေဦးတည့်တည့်စီးဆင်းမှုကို ကာကွယ်ရန် မေလ ၁၅ ရက်နေ့မှစ၍ ရေလမ်းကြောင်းဖြောင့်သည့် သောင်တူးခြင်းလုပ်ငန်း အလျားပေ ၄၀၀၄ ကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ပေ ၄၀၀၀ နီးပါးတူးဖော်ခဲ့ပြီးနောက် ဇွန်လ ၁၄ ရက်နေ့တွင် ပေ ၂၅၀၀ ကျော်မှာ ရေဖြင့်မျောပါပျက်စီးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“အခုလောလောဆယ်ကတော့ ဘာမှဆက်လုပ်လို့မရလို့ လုပ်ငန်းရပ်ထားရတယ်”ဟု ဦးမင်းနောင်က ဆိုသည်။ 

မြောက်စည်းကျေးရွာအနီးမြေ ထိန်းနံရံကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ မေလ ၁၇ ရက်နေ့အထိ တည်ဆောက်ခဲ့ပြီး တည်ဆောက်ပြီး လေးလအကြာ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့နံနက်က မြစ်ရေတိုက်စားသဖြင့် ပျက်စီးခဲ့ရာ ယခုနှစ် ၆ လ ဘတ်ဂျက်ဖြင့် သောင်တူးခြင်းနှင့် ကျောက်စီမြေထိန်း နံရံတို့ကို ထပ်မံတည်ဆောက်မည်ဖြစ်ပြီး မြေထိန်းနံရံမပြုလုပ်မီ သောင်တူးခြင်းလုပ်ငန်း လုပ်ကိုင်နေချိန်တွင် မြစ်ရေတိုးပြီး ရေနှင့်မျောပါ ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း ယင်းဒေသခံများထံမှသိရသည်။

“ရေကတော့ အခုရွာကို ဦးတိုက် ပြန်စီးနေတယ်။ ဒါကြောင့် ဒီနေ့စောင့်ကြည့်ပြီး ကမ်းပါးပြိုလာနိုင်တဲ့ အနေအထားရှိရင် ကမ်းနားက အိမ်တွေကိုဖျက်ပြီး ရွှေ့ဖို့ရှိတယ်”ဟု မြောက်စည်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးမိုးသိန်းက ပြောဆိုသည်။

R-20