News

POST TYPE

NEWS

ဟုမ္မလင်းမြို့အနီး စက်လှေတစ်စင်းတိမ်းမှောက် လူတစ်ဦးသေဆုံး
14-Jun-2018
ကလေး၊ ဇွန် ၁၃

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့အနီး ချင်းတွင်းမြစ်အတွင်း စက်လှေတစ်စင်း တိမ်းမှောက်ရာမှ လူတစ်ဦးသေဆုံးခဲ့ကြောင်း ဟုမ္မလင်းမြို့မ ရဲစခန်းထံမှ သိရသည်။

ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်က ဟုမ္မလင်းမြို့နှင့်ကောယား ကျေးရွာပြေးဆွဲသည့် ရွှေစင်ဦးအမည်ရှိ စက်လှေသည် ဟုမ္မလင်းဆိပ်ကမ်းမှ ကောယားကျေးရွာသို့ပြန်ရန် ဆိပ်ကမ်းမှခွာခဲ့ရာမှ ဆိပ်ကမ်းအနီး တိမ်းမှောက် ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

စက်လှေတိမ်းမှောက်မှုကြောင့် စက်လှေပေါ်တွင်လိုက်ပါလာသည့် စက်လှေမောင်းအပါအဝင် လူ ၂၉ ဦးအနက် ကောယားကျေးရွာမှ အသက် ၃၀ ကျော် အရွယ်ရှိ ဒေါ်ဉာဏ်ရွှေသေဆုံးခဲ့ပြီး လူသုံးဦး ဆေးရုံတက် ဆေးကုသမှုခံယူခဲ့ရာမှ တစ်ဦးဆေးရုံမှဆင်းသွားပြီဖြစ်ကာ ကျန်နှစ်ဦးမှာလည်း မစိုးရိမ်ရကြောင်း ဟုမ္မလင်းမြို့မရဲစခန်းမှ စခန်းမှူးရဲအုပ်နိုင်ဌေးက ပြောကြားသည်။

“ကောယားဘက်ကိုအထွက် ဆိပ်ကမ်းက အခွာမှာ ရေစီးအားနဲ့ရိုက်ပြီး စက်လှေလဲသွားတာ။ စက်လှေလည်း ဆယ်ပြီး ဆိပ်ကမ်းကပ်ထားပြီးပြီ။ စက်လှေပေါ်က ကုန်ပစ္စည်းတွေကိုလည်း ပိုင်ရှင်တွေကို စခန်းမှာခွဲဝေပေးနေတယ်” ဟု ၎င်းက ရှင်းပြသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေစင်ဦး စက်လှေမောင်း အသက် ၂၃ နှစ်အရွယ်ရှိ ဦးမင်းသက်ဦးကို ဟုမ္မလင်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-20