News

POST TYPE

NEWS

သံလမ်းများ ပျက်စီးသဖြင့် ရန်ကုန်-ဟင်္သာတ ရထားလမ်းပိုင်း နောက်နှစ်ရက်ခန့် ပိတ်မည်
ရန်ကုန်၊ ဇွန် ၁၃

မိုးသည်းထန်စွာရွာသွန်း၍ သံလမ်းများ ပျက်စီးသဖြင့် ရန်ကုန်-ဟင်္သာတ ရထားလမ်းပိုင်းကို နောက်နှစ်ရက်ခန့် လမ်းပိုင်းပြန်ပွင့်နိုင်ခြင်း မရှိကြောင်း မြန်မာ့မီးရထား (အောက်မြန်မာပြည်)၊ သတင်းပြန်ကြားရေးဌာန တွဲဖက် ဒုတိယ ကြီးကြပ်ရေးမှူး ဦးထိန်ဝင်းက ပြောကြားသည်။

ဇွန်လ ၁၂ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ရန်ကုန်-ပြည် ရထားလမ်းပိုင်းရှိ သဲကုန်းဘူတာအနီး၊ ရန်ကုန်-ဟင်္သာတလမ်းပိုင်းရှိ မယ်ဇလီ ကုန်း-ထူးကြီးဘူတာအနီး၊ နတ္တလင်း-ပေါင်းတည်ဘူတာအနီးတို့တွင် ရထားသံလမ်း ရေကျော်ခဲ့သည်။

ဇွန်လ ၁၃ ရက် ညနေပိုင်းတွင် အဆိုပါလမ်းပိုင်းနှစ်ခုမှ ရေပြန်ကျသော်လည်း ရန်ကုန်-ဟင်္သာတ ရထားလမ်းပိုင်းမှာ သံလမ်းများ ပျက်စီးသွားခြင်းကြောင့် လမ်းပိုင်းပြန်ဖွင့်နိုင်ခြင်း မရှိပေ။

“ဒီညနေ ရေပြန်ကျသွားပြီ။ ဒါပေမဲ့ သံလမ်းတွေက ရေတိုက်စားသွားတော့ ပျက်စီးကုန်တယ်လေ။ အခု ရထားတစ်စင်းလုံးရဲ့ ဝိတ်ကို ခံနိုင်ရည်ရှိအောင် သံလမ်းတွေကို ပြုပြင်ရေးတွေ လုပ်နေတယ်။ အခုထိတော့ လမ်းပိုင်းပြန်မပွင့်သေးဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိ ရန်ကုန်-ပြည်ရထားလမ်းပိုင်းမှာ ရေကျသွားပြီး ရထားပြန်လည်မောင်းနှင်နိုင်သည့် အခြေအနေဖြစ်သောကြောင့် လမ်းပိုင်းပြန်ပွင့်ခဲ့ပြီဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

“ရထားတစ်စင်းရဲ့ တန်ချိန်က ၆၃ တန် ရှိသလို ၇၃ တန်ဝန်တွေရှိတယ်။ ဒီတန်ကိုခံနိုင်အောင် သံလမ်းတွေ အမာခံဖြစ်အောင် ပြန်လုပ်ရမှာ” ဟု ဦးထိန်ဝင်းက ဆိုသည်။

သံလမ်းများပျက်စီးလျက်ရှိသည့် ရန်ကုန်-ဟင်္သာတလမ်းပိုင်းရှိ အမှတ် ၁၈၁ အဆန်၊ ၁၈၂ အစုန်ရထားများမှာ ဇွန်လ ၁၂ ရက်မှ ၁၃ ရက်အထိ ယာယီရပ်နားခဲ့ပြီး နောက်နှစ်ရက်ခန့်ယာယီရပ်နားထားခြေရှိကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

J-06