News

POST TYPE

NEWS

ဧရာဝတီတိုင်းတွင် မိုးကြီး၍ ကျောင်း ၇၀ နီးပါး ယာယီပိတ်
ပုသိမ်၊ ဇွန် ၁၃

ဧရာဝတီတိုင်း အင်္ဂပူ၊ ထူးကြီး၊ ကြံခင်း၊ မယ်ဇလီ၊ ဘက်ရဲစသည့် မြို့ ၅ မြို့တွင် ဇွန်လ ၁၁ ရက်မှ ၁၂ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရေကြီးနစ်မြုပ်ရာမှ စာသင်ကျောင်း ၇၀ နီးပါး ယာယီပိတ်ထားရကြောင်း ဧရာဝတီတိုင်း အစိုးရထံမှ သိရသည်။ 

တောင်ကျရေစီးဆင်းလာမှုကြောင့် ကြံခင်း၊ ဘက်ရဲ၊ အင်္ဂပူမြို့နှင့် အနီးဝန်းကျင် ရပ်ကွက်၊ ကျေးရွာများတွင် ရေကြီးရေလျှံမှုဖြစ်ကာ ဇွန်လ ၁၂ ရက်မှစ၍ အထက်တန်းကျောင်း ၂ ကျောင်း၊ အလယ်တန်းကျောင်း ၅ ကျောင်းနှင့် မူလတန်းကျောင်း ၆၂ ကျောင်း စုစုပေါင်း ၆၉ ကျောင်းကို ယာယီပိတ်ထားရကြောင်း ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးရုံးထံမှ သိရသည်။

“မူလတန်းက ကလေးတွေက ငယ်လွန်းတယ်။ တောင်ကျရေက အရှိန်နဲ့ကျတာဖြစ်တယ်၊ ရေစီးဆင်းတာမြန်သလို ရေကျတာလည်း မြန်ပါတယ်။ မြစ်ရေကြီးသလိုမျိုးမဟုတ်ပါဘူး ကျောင်းပိတ်ရရင်လည်း တစ်ရက်နှစ်ရက်လောက်ပါပဲ”ဟု ဧရာ ဝတီတိုင်းလူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောသည်။

ယင်းဒေသများမှာ ရခိုင်ရိုးမနှင့် တစ်ဆက်စပ်တည်းရှိနေသောကြောင့် မိုးသည်းထန်စွာရွာပါက တောင်ကျရေစီးဆင်းခြင်း၊ ယင်းဒေသရှိ ဆည်များရှိ ရေပိုရေလွှဲများမှ ရေများစီးဆင်းခြင်းကြောင့် ရေကြီးမှုများ ဖြစ်ပေါ်လေ့ရှိကြောင်း၊ ရေလျှံနစ်မြုပ်မှုများတွင် လယ်မြေအချို့ ရေလျှံနစ်မြုပ်လေ့ရှိပြီး ယခုအကြိမ် ရေလျှံနစ်မြုပ်မှုတွင် လယ်မြေအချို့ ရေနစ်မြုပ်သော်လည်း စပါးမစိုက်ရသေးသော လယ်မြေများဖြစ်ကြောင်း စိုက်ပျိုးမွေးမြူရေး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းထံမှ သိရသည်။

R-12