News

POST TYPE

NEWS

တရုတ်ယွမ်ငွေဖြင့် မြန်မာကုန်သည်များ စာရင်းဖွင့်နိုင်ရန် အစိုးရစီစဉ်
13-Jun-2018

ရန်ကုန်၊ ဇွန် ၁၃

မူဆယ်နယ်စပ်တွင် ပုဂ္ဂလိကဘဏ်များ၌ ယွမ်အကောင့်ကို ယခုနှစ်အတွင်း တရားဝင်ဖွင့်ခွင့်ပေးရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို တရားဝင်ကုန်သွယ်မှု ဖြစ်စေရန် ရည်ရွယ်၍ တရုတ်အာဏာပိုင်များနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ ယခုလထဲတွင် အစိုးရချင်း နားလည်မှုစာချွန်လွှာ ရေးထိုးမည်ဖြစ်သည့်အတွက် ငွေရေးကြေးရေးကဏ္ဍများတွင်လည်း တရားဝင်ဖြစ်စေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“ဒီလိုမျိုး တရားဝင်ခွင့်ပြုပေးဖို့ကိုလည်း ဥက္ကဋ္ဌဆီ တင်ပြထားပါတယ်။ အခုလည်း မြန်မာ့စီးပွားရေးဘဏ်ကနေ ယွမ်အကောင့်ဖွင့်ပြီး ငွေအပြောင်းအလွှဲ လုပ်လို့ရပါတယ်။ အခုလုပ်ပေးမှာက ပုဂ္ဂလိက ဘဏ်တွေမှာ ဒီလိုမျိုးဝန်ဆောင်မှုတွေပေးရင် ပိုကောင်းမှာဖြစ်တဲ့အတွက် တရုတ်ဘက်နဲ့လည်း ဆွေးနွေးမှုတွေလုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ရှင်းပြသည်။

လတ်တလောတွင် မူဆယ်ရှိ မြန်မာကုန်သည်များမှာ တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ဘဏ်များတွင် ယွမ်အကောင့် သွားရောက်ဖွင့်လှစ်ကာ ကုန်သွယ်မှုလုပ်နေရသည့်အတွက် တရုတ်ဘက်မှ မသင်္ကာမှုများရှိသည့်အခါ အကောင့်ပိတ်ခံရခြင်း၊ ဟွန်ဒီစနစ်ဖြင့် အရောင်းအဝယ်လုပ်ရခြင်းများရှိကြောင်း မူဆယ်ကုန်သည်များထံမှ သိရသည်။

“အစိုးရဘဏ်မှာက သိတဲ့အတိုင်း လုပ်ထုံးလုပ်နည်းကြာတဲ့အတွက် သုံးရတာအဆင်မပြေဘူး။ ပုဂ္ဂလိကဘဏ်တွေမှာ ယွမ်အကောင့် ဖွင့်ခွင့်ပေးလိုက်ရင် ဟွန်ဒီကိစ္စတွေလည်း ပျောက်သွားမယ်။ အမှန်တကယ်ငွေစီးဆင်းမှုတွေကို သိလာလိမ့်မယ်။ ဒါက လုပ်သင့်တာကြာပြီ” ဟု မူဆယ်မြို့ခံ ကုန်သည် ဦးလှမောင်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးတွင် မူဆယ်-ရွှေလီ ကုန်သွယ်ရေးမှာ ကုန်သွယ်မှုပမာဏ အများဆုံးဖြစ်သည့်အတွက် တရားဝင်ကုန်သွယ်မှုရရန် အစိုးရချင်းညှိနှိုင်းသင့်ကြောင်း၊ လက်ရှိတွင် ကျပ်ငွေအကောင့်များသာ သုံးစွဲနေရသောကြောင့် တရုတ်ကုန်သည်များမှာ ငွေပေးချေမှုကိစ္စများတွင် အခက်အခဲရှိကြောင်း ၎င်းကဆိုသည်။

J-13