News

POST TYPE

NEWS

မြန်မာလိင်ပြောင်းအလှမယ် မျိုးကိုကိုစန်းအာဆီယံ ဂုဏ်ပြုဆုရ
13-Jun-2018 tagged as

ရန်ကုန်၊ ဇွန် ၁၃

မြန်မာနိုင်ငံကိုယ်စားပြု ဂေးအလှမယ် မျိုးကိုကိုစန်းသည် ၂၀၁၈ ခုနှစ် အာဆီယံ ဒေသဆိုင်ရာ လိင်တူချစ်သူများအစည်းအရုံး ဂုဏ်ထူးဆောင်ကျက်သရေဆု (ASEAN- LGBT Community Pride Award)  ဆုကို အွန်လိုင်းပေါ်တွင် မဲအများဆုံးဖြင့် ဆွတ်ခူးရရှိခဲ့ကြောင်း ASEAN Beauty Pageant (ABP) က ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 

အဆိုပါဆုသည် LGBT လိင်တူချစ်သူများ အသိုက်အဝန်းတွင် ဂုဏ်ယူဝင့်ကြွားနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်ပေးအပ် ချီးမြှင့်ခြင်းဖြစ်ပြီး ယင်းဆုကို Voting (မဲစနစ်)ဖြင့် ရွေးချယ်ခဲ့ကြောင်း ကြေညာချက်အရသိရသည်။

ASEAN-LGBT Community Pride Award ဆုအတွက် အွန်လိုင်းမှ Voting ပေးရာတွင် မဲအများဆုံးအဖြစ် မြန်မာနိုင်ငံကိုယ်စားပြု မျိုးကိုကိုစန်းက မဲအရေအတွက် ၉၀,၀၀၀ ကျော်ရရှိခဲ့ပြီး ဗီယက်နမ်အလှမယ် ဟောင်ဂျီအန်ငုယင်က မဲအရေအတွက် ၄၇,၀၀၀ ခန့်ရရှိခဲ့သည်။

ယင်းဆုရခြင်းနှင့်ပတ်သက်၍ အလှမယ်မျိုးကိုကိုစန်းက “ဆုက ညီမပရိသတ်တွေက Vote ပေးရကျိုးနပ်အောင် အသိအမှတ်ပြုတဲ့အနေနဲ့ ရှဲတာပါ။ တကယ်တော့ အဲဒီဆုက Voting တောင်းတာတစ်ခုပါ။ Fake ဆုတော့ မဟုတ်ပါဘူး။တခြား Page တွေလို Voting တောင်းတာ၊ အဲဒီသဘောပါပဲ။ ဆုတွေဘာတွေ သွားယူရမှာတော့ မဟုတ်ပါဘူး”ဟု ၎င်းက ဆိုသည်။

မျိုးကိုကိုစန်းမှာ ၂၀၁၅ ခုနှစ် Miss International Queen Myanmar အလှမယ်ဖြစ်ပြီး ပြည်တွင်းတွင် ဆယ်ကျော်သက် လူငယ်လေးများ၏ ချစ်ခင်မှုကို ရရှိသည့်အပြင် လူသိများ ထင်ရှားသူတစ်ဦးဖြစ်ပြီး ယခုရရှိသည့် ဆုအတွက်ကို ASEAN Beauty Pageant (ABP) ၏ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှတစ်ဆင့် ပရိသတ်များကို မဲပေးရွေးချယ်စေခဲ့ခြင်း ဖြစ်သည်။

“ဒီ Page က စစ်မှန်တဲ့ Page ဟုတ်ဟုတ်၊ မဟုတ်ဟုတ် အဲဒီထဲကမှ ကိုယ့်မြန်မာနိုင်ငံမှာရှိတဲ့ အလှမယ် လူချစ်လူခင် ပေါများတာသိရတဲ့အတွက်ရော ကိုယ့်ညီမလေးလိုလည်း ခင်ရလို့ ဝမ်းသာပါတယ်၊ ဒီဆုက ဘာပဲဖြစ်ဖြစ် နိုင်ငံတကာနဲ့ယှဉ်တဲ့ အခါကျ ကိုယ့်မြန်မာပြည်က ရတာပဲဖြစ်ဖြစ်၊ ဘယ်ကပဲရရ ဝမ်းသာတယ်။ ဘာကြောင့်ဝမ်းသာလဲဆိုရင် ASEAN  Community မှာ LGBT တွေကို နေရာပေးပြီး အသိအမှတ်ပြုလာတယ်ဆိုတဲ့ ပုံရိပ်တစ်ခုကို မြင်ရတယ်ပေါ့”ဟု LGBT အရေး တက်ကြွလှုပ်ရှားသူ မရှင်းသန့်က ဆိုသည်။

မျိုးကိုကိုစန်းမှာ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတုန်းက ထိုင်းနိုင်ငံက ဆေးရုံတစ်ရုံတွင် ယောကျာ်းလေးမှ မိန်းကလေးတစ်ဦးအဖြစ် လိင်အင်္ဂါခွဲစိတ်ပြုပြင်ခဲ့သည်။

J-10

  • VIA
  • TAGS