News

POST TYPE

NEWS

နေပြည်တော် စည်ပင်ဌာနမှူးနှစ်ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲချက်တင်


မန္တလေး၊ ဇွန် ၁၂

နေပြည်တော်ကောင်စီနယ်မြေ စည်ပင်သာယာရေးကော်မတီ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဌာနမှူး) နှစ်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် စွဲချက်တင်ရန် မန္တလေးတိုင်း တရားလွှတ်တော်က ဇွန်လ ၁၂ ရက်နေ့တွင် အမိန့်ချလိုက်သည်။

နေပြည်တော်ကောင်စီနယ်မြေ စည်ပင်သာယာရေးကော်မတီ ဈေးများ ဌာနမှဌာနမှူး (ဒုတိယညွှန်ကြားရေးမှူး ချုပ်) ဦးမင်းလွင်စိုးနှင့် တိရစ္ဆာန်ကုသရေးနှင့် သားသတ်ရုံများဌာနဌာနမှူး (ဒုတိယညွှန်ကြားရေးမှူးချုပ်) ဒေါက်တာခိုင်စိုးလှတို့သည် သားသတ်လိုင်စင် ရရှိသူများဖြစ်သည့် ဦးမျိုးခက်နှင့် ဦးဘိုဘိုဟန်တို့ထံမှ ငွေများရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်ဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်ထားသည့်အမှုဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ တိုင်ကြားချက်အရ နေပြည်တော် ဇမ္ဗူသီရိရဲစခန်းတွင် အမှုဖွင့်ကာ မန္တလေးတိုင်း တရားလွှတ်တော်တွင် ဒေါက်တာခိုင်စိုးလှကို ရာဇဝတ်ကြီးအမှု အမှတ် ၆၊ ၇ တို့ဖြင့်လည်းကောင်း၊ ဦးမင်းလွင်စိုးကို ရာဇဝတ်ကြီး အမှုအမှတ် ၈ နှင့် ၉ တို့ဖြင့်လည်းကောင်း စစ်ဆေးနေခဲ့ရာမှ စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

တရားလိုပြသက်သေများကို စစ်ဆေးပြီးစီးချိန်တွင် စွပ်စွဲခံရသူများသည် ၎င်းတို့ကို စွဲဆိုထားသည့် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မအရ ရာဇဝတ်မှုထိုက်သောပြစ်မှုကို ကျူးလွန်ကြောင်းပေါ်ပေါက်သည်ဟုဆိုကာ စွဲချက်တင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းတရားခွင်အရ သိရသည်။

“ကျွန်တော်တို့ရှင်းမယ်။ ဒါတွေဘယ်လိုတိုင်တယ်ဆိုတာ ပေါ်လာမှာပါ။ အထူးသဖြင့်တော့ စပိုင်ကင်မရာနဲ့ရိုက်တဲ့ ကင်မရာတွေ၊ တစ်ဆက်တည်းလုပ်တာ ဟုတ်မဟုတ်၊ ဖြတ်ညှပ်ကပ်လုပ်ထားတာ ဟုတ်မဟုတ်။ လိုချင်တဲ့အပိုင်းလေးတွေကိုယူပြီး ဖြတ်ညှပ်ကပ် လုပ်ထားတာဆိုရင် တရားလိုဘက်က မရိုးသားလို့ပေါ့။ စစ်ဆေးတဲ့အခါမှာတော့ တွေ့လာရမှာပါ”ဟု ဦးမင်းလွင်စိုး၏ အကျိုးဆောင်ရှေ့နေဖြစ်သည့် တရားလွှတ်တော်ရှေ့နေ တော်ဝင်ဦးခင်မောင်သန်းက ပြောကြားသည်။

ဈေးများဌာနမှ ဌာနမှူး ဦးမင်းလွင်စိုးသည် ဦးမျိုးခက်ထံမှ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့က ကျပ် ၁၀ သိန်း၊ ဦးဘိုဘိုဟန်ထံမှ ၂၀၁၇ ခုနှစ် မတ်လတွင် ကျပ်သိန်း ၂၀၊ တိရစ္ဆာန်ကုသရေးနှင့် ဈေးများဌာနမှူးဖြစ်သည့် ဒေါက်တာခိုင်စိုးလှသည် ဦးမျိုးခက်ထံမှ ၂၀၁၇ ဩဂုတ်လ ၁၁ ရက်နေ့တွင် ကျပ်ငါးသိန်း၊ ၂၀၁၇ ဩဂုတ်လ ၁၉ ရက်နေ့တွင် ကျပ် ၁၀ သိန်း၊ ဦးဘိုဘိုဟန်ထံမှ ၂၀၁၇ ခုနှစ် မေလဆန်းတွင် ကျပ်သိန်း ၄၀ တို့ကို ရယူခဲ့ခြင်းဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ကြေညာချက်အရ သိရသည်။

ယင်းသို့ နိုင်ငံဝန်ထမ်းလုပ်ပိုင်ခွင့် ရှိသူများအနေနှင့် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစာပြုကာငွေကြေးရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ ဇမ္ဗူသီရိမြို့နယ် မြို့မရဲစခန်းနှင့် ဥတ္တရသီရိမြို့နယ် ဘုရားကုန်းနယ်မြေရဲစခန်းတို့က ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာလ ၁၅ ရက်နေ့ကစ၍ မန္တလေးတိုင်း တရားလွှတ်တော်က စစ်ဆေးခဲ့ခြင်းဖြစ်သည်။ 

ယင်အမှုများနှင့်ပတ်သက်၍ ဒေါက်တာခိုင်စိုးလှကို စွဲဆိုထားသော အမှုအတွက် ပြန်ခေါ်သက်သေငါးဦး၊ ဦးမင်းလွင်စိုးကို စွဲဆိုထားသော အမှုအတွက် ပြန်ခေါ်သက်သေလေးဦးကို ဇွန်လ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တွင် ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း မန္တလေးတိုင်း တရားလွှတ်တော်ထံမှ သိရသည်။  

M-04