News

POST TYPE

NEWS

စင်ကာပူညချမ်းမှာ ကင်ဂျုံအန်း လမ်းလျှောက်ထွက်၊ ဗီဗီယန်နှင့်အတူ ဆယ်ဖီဆွဲ
13-Jun-2018



စင်ကာပူ၊ ဇွန် ၁၂

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ထိပ်သီးဆွေးနွေးပွဲ မတက်ရောက်မီ ဇွန်လ ၁၁ ရက်နေ့ ညပိုင်း က စင်ကာပူမြို့တွင် လှည့်လည်ကြည့်ရှုခဲ့သလို စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှနန်နှင့်လည်း ဆယ်ဖီဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။ 

ကင်ဂျုံအန်းသည် ထိုနေ့ညပိုင်းက စင်ကာပူ Bay တွင်ရှိသော Flower Dome ပန်းဥယျာဉ်၌ လမ်းလျှောက်ကြည့် ရှုလေ့လာခဲ့သည်။ 

ထိုသို့လှည့်လည်ကြည့်ရှုရာ၌ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်၊ ပညာရေးဝန်ကြီး အွန်ယီကောင်းတို့နှင့်အတူ ဆယ်ဖီဓာတ်ပုံ ရိုက်ကူးခဲ့ပြီး ယင်းဓာတ်ပုံကို မစ္စတာဗီဗီယန်က Twitter စာမျက်နှာတွင် ဖော်ပြခဲ့သည်။ 

ကင်ဂျုံအန်းကို စင်ကာပူ၏နာမည်ကျော် Marina Bay Sands တွင် တွေ့မြင်ရသလို SkyPark ဘက်သို့ လမ်းလျှောက်သွားသည်ကိုလည်း မြင်တွေ့ရကြောင်း မီဒီယာများက ဖော်ပြသည်။ ၎င်းနှင့်အတူ လျှောက်သွားရာ၌ နှမဖြစ်သူ ကင်ယိုဂျောင် (ဆိုးလ်မြို့တွင်ကျင်းပခဲ့သော ဆောင်းရာသီအိုလံပစ်ပွဲသို့ တက်ရောက်ခဲ့သူ) လည်း ပါရှိသည်။ 

ထိုနေ့ညပိုင်းက ကင်ဂျုံအန်း တည်းခိုရာ St Regis ဟိုတယ်မှ အထူးယာဉ်တန်းကြီးသည် ည ၉ နာရီခန့်တွင် ထွက်ခွာခဲ့ရာ အနီး၌စောင့်နေသော သတင်းထောက်များလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ အဆိုပါယာဉ်တန်းသည် ၂ နာရီခွဲခန့်အကြာတွင် ဟိုတယ်သို့ ပြန်လည်ဝင်ရောက်လာသည်။ 

ကင်ဂျုံအန်းနှင့် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းတို့သည် ၎င်းစင်ကာပူသို့ ပထမဆုံးရောက်ရှိသည့် တနင်္ဂနွေနေ့ ညပိုင်းက Istana တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။ 

အဆိုပါတွေ့ဆုံမှုနှင့်ပတ်သက်၍ သတင်းဌာနတစ်ခုနှင့်အင်တာဗျူးတွင် ဝန်ကြီးချုပ် လီရှန်လွန်းက ကင်ဂျုံအန်းကို ထူးချွန်ထက်မြက်သည့် ခေါင်းဆောင်တစ်ဦးအဖြစ် ချီးမွမ်းပြောဆိုခဲ့သည်။ 

မီဒီယာများ၏ ဖော်ပြချက်အရ ထရမ့်နှင့် ကင်ဂျုံအန်းတို့သည် ထိပ်သီးဆွေးနွေးပွဲတွင် နျူကလီးယားဖျက်သိမ်းရေး၊ ကိုရီးယားကျွန်းဆွယ်ဒေသ ငြိမ်းချမ်းရေး ကြေညာချက်ထုတ်ပြန်နိုင်ရေး စသည်တို့ကို အလေးပေးဆွေးနွေးမည်ဟု ယုံကြည်ရသည်။ 

သမ္မတထရမ့်ကမူ ကင်ဂျုံအန်းနှင့် ထူးခြားသော ဆက်ဆံရေးကြီးတစ်ရပ် တည်ထောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းပြောဆိုထားသည်။ 

F-01


  • VIA