News

POST TYPE

NEWS

ခွဲမထွက်ရနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ပင်လုံ တတိယ အစည်းအဝေးတွင် ချန်လှပ်ခဲ့မည်
13-Jun-2018
ရန်ကုန်၊ ဇွန် ၁၂

၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးတွင် အစိုးရ၊တပ်မတော်နှင့် တိုင်းရင်းသားအဖွဲ့များကြား ညှိနှိုင်းမရဖြစ်နေသည့် ပြည်ထောင်စုမှခွဲမထွက်ရနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အကြောင်းအရာများကို မဆွေးနွေးတော့ဘဲ ချန်လှပ်သွားမည်ဟု ဆုံးဖြတ်လိုက်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံမှ သိရသည်။

အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ဇွန်လ ၁၁ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအစည်းအဝေးအပြီးတွင် ထိုသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အစိုးရ၊ တပ်မတော်တို့နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား တစ်ဆို့နေသည့် ပြည်ထောင်စုမှ ခွဲမထွက်ရနှင့် ချိတ်ဆက်နေသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေများ ရေးဆွဲရေးကိစ္စရပ်များ စသည်တို့ကို တတိယအကြိမ်တွင် ဆွေးနွေးမည် မဟုတ်သေးဘဲ ဆွေးနွေးရခြင်း မရှိသေးသည့် အချက်များကို ဆက်လက်ဆွေးနွေးသွားရန် ဆုံးဖြတ်ခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF)  ဥက္ကဋ္ဌ ပူးဇင်ကျုံးက ပြောကြားသည်။

ထို့ပြင် ညီလာခံတွင် ဆွေးနွေးမည့် အချက်အလက်များကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်လက်ဆွေးနွေး ညှိနှိုင်းပြီးမှသာ ဆက်လက်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ပြီးခဲ့သည့်နှစ်က ကျင်းပခဲ့သော ၂၁ ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးတွင် တိုင်းရင်းသားလက်နက် အဖွဲ့အစည်းများအနေနှင့် ပြည်ထောင်စု ခွဲမထွက်ရအချက်ကို သဘောတူမှသာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိစ္စရပ်များကို ဆက်လက်ဆွေးနွေးရန် အစိုးရနှင့် တပ်မတော်ဘက်က အဆိုပြုခဲ့မှုအပေါ် တိုင်းရင်းသားများဘက်မှလည်း လက်မခံခဲ့သောကြောင့် အဆိုပါအခန်းကို ဆွေးနွေးနိုင်ခြင်း မရှိခဲ့ပေ။

လက်ရှိ တတိယအစည်းအဝေးတွင် ယင်းကိစ္စရပ်များကို မဆွေးနွေးနိုင်သော်လည်း လူနည်းစုအခွင့်အရေး၊ ဖက်ဒရယ် စနစ်တွင်ပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးကိစ္စရပ်များ၊ ဖက်ဒရယ် နိုင်ငံသားဖြစ်ခြင်းကိစ္စရပ်များ ဆွေးနွေးရန် ကျန်ရှိနေသေးသည့် ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟု သိရှိထားကြောင်း ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

“အဲဒီကိစ္စတွေက မေလကုန်က အစိုးရနဲ့ တပ်မတော်နဲ့ အလွတ်သဘော ဆွေးနွေးကတည်းက ချန်ထားခဲ့ရတဲ့ကိစ္စတွေပါ။ ဒါဟာ PPST တစ်ခုတည်းက ဆုံးဖြတ်ခဲ့တာမဟုတ်ပါဘူး”ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးကို ယခုလကုန် သို့မဟုတ် ဇူလိုင်လဆန်းပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည်။

၂၁ ပင်လုံညီလာခံ ဒုတိယအစည်းအဝေးကို ပြီးခဲ့သည့် ၂၀၁၇ မေလကုန်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံရေးကဏ္ဍ မူဝါဒ သဘောတူညီချက် ၁၂ ချက်၊ စီးပွားရေး ကဏ္ဍသဘောတူညီချက် ၁၁ ချက်၊ လူမှု ရေးကဏ္ဍ မူဝါဒသဘောတူညီချက် ၄ ချက်နှင့် မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍ သဘောတူညီချက် ၁၀ ချက် စုစုပေါင်း ၃၇ ချက်ပါဝင်သည့် ပြည်ထောင်စု သဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။

J-08


  • VIA