News

POST TYPE

NEWS

ကျောက်မျက်လုပ်ကွက်များ၌ ရင်းနှီးမြှုပ်နှံမည့် အမေရိက၏အစီအစဉ် ပျက်


ရန်ကုန်၊ ဇွန် ၁၂

အမေရိကန် အထက်လွှတ်တော် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ၌ရင်းနှီးမြှုပ်နှံမှုလုပ်ရန် မေလကုန်ပိုင်းက ကျောက်မျက်လုပ်ကွက် သုံးခုကို စစ်ဆေးခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမည့်အစီအစဉ်မှာမူ ပျက်သွားကြောင်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် လုပ်ကွက်များကို မတွေ့သောကြောင့် ရင်းနှီးမြှုပ်နှံမှုလုပ်ရန် လက်တွန့်သွားခြင်းဖြစ်ကြောင်း ယင်းအရာရှိက ရှင်းပြသည်။

“သူတို့လာတာက ရင်းနှီးမြှုပ်နှံမှုအတွက် လာတာမဟုတ်ဘူး။ ဒါပေမဲ့ ဒီရောက်တော့ သူတို့က လုပ်ကွက်တွေကို စစ်ချင်တယ်ဆိုတော့ လုပ်ကွက်ရွေးပြီး စစ်ခိုင်းလိုက်တယ်။ မြန်မာပြည်မှာက တာဝန်ခံမှုမရှိတဲ့ လုပ်ကွက်တွေများတာရယ်၊ ရခိုင်အရေးရယ် အကြောင်းပြပြီး သူတို့ဘက်က ပြန်ဆုတ်သွားတယ်။ အခုချိန်ထိ ပူးပေါင်းဆောင်ရွက်မှု တစ်ခုမှမရှိသေးဘူး”ဟု ၎င်းက ဆိုသည်။

လက်ရှိ အစိုးရတက်လာသည့် အချိန်တွင် အမေရိကန်အစိုးရဘက်က နိုင်ငံပိုင် ကျောက်မျက်လုပ်ငန်းများနှင့် ပတ်သက်၍ စီးပွားရေးပိတ်ဆို့မှုကို ဖြေလျှော့ပေးခဲ့သော်လည်း အစိုးရသက်တမ်း ၂ နှစ်ကျော်လာသည့်အချိန်ထိ ကျောက်မျက်လုပ်ကွက်များတွင် အမေရိကန်လုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံမှု မလုပ်ကြပေ။

ယင်းလုပ်ကွက်များကို တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမည့် အစီအစဉ် (EMP) ကို ရေးဆွဲခိုင်းထားပြီး EIA/SIA ကိုလည်း သတ္တုတူးဖော်သည့် လုပ်ငန်းတိုင်း မဖြစ်မနေရေးဆွဲရန် ညွှန်ကြားထားကြောင်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းထံမှ သိရသည်။

အမေရိကန်လုပ်ငန်းရှင်များက မြန်မာနိုင်ငံ၏ ကျောက်မျက်ကဏ္ဍ၊ ဘဏ်နှင့် အာမခံလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုများရှိသောကြောင့် ကျောက်မျက်နှင့်ပတ်သက်၍ ဖြေလျှော့မှုများ ပြုလုပ်ရန်စီစဉ်နေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ သိရသည်။

“ကျောက်မျက်က ဘာပြဿနာဖြစ်လဲဆိုတော့ လုပ်ငန်းအကြီးတွေလောက်ပဲ EIA/SIA ကို ရေးတယ်။ ကျန်တဲ့ ၈၀ ရာခိုင်နှုန်းက ဘာမှမလုပ်ဘူး။ ပြီးတော့ EMP ကလည်း ဒီဘက်အစိုးရလက်ထက်မှာ စလုပ်ခိုင်းတာ။ လုပ်ကွက်တွေက နိုင်ငံ တကာစံနှုန်းနဲ့ကြည့်ရင် တော်တော်အခြေအနေဆိုးတာတွေ ရှိတယ်။ ဒါကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ဝင်မလာတာ။ အခုအစိုးရက ပြန်ပြီးပြင်ဖို့အတွက် သက်တမ်းကုန်တဲ့ လုပ်ကွက်တွေကို သက်တမ်းထပ်မပေးဘဲ ရပ်ခိုင်းထားတယ်။ ကျောက်မျက်ရတနာဥပဒေအသစ်နဲ့ နိုင်ငံတကာစံနှုန်းညီအောင် ပြန်လုပ်မယ့်သဘောရှိတယ်”ဟု ကျောက်မျက်လုပ်ငန်းရှင် ဦးသောင်းထွန်းက ပြောကြားသည်။

လက်ရှိတွင် သက်တမ်းကုန်လုပ်ကွက်များကို ကျောက်မျက်ရတနာဥပဒေသစ် မထွက်မချင်း လုပ်ကိုင်ခွင့်မပေးသည့်အပြင် ကျန်ရှိသည့် လုပ်ကွက်အားလုံးသည်လည်း ၂၀၂၁ ခုနှစ်တွင် သက်တမ်းကုန်မည်ဖြစ်သည်။

J-13