News

POST TYPE

NEWS

ထရူးဒိုးအပေါ် ထရမ့်၏ ဗိုလ်ကျမှုကို ကနေဒါပြည်သူများအမျက်ထွက်၊ ပြည်တွင်းနိုင်ငံရေးပြိုင်ဘက်များကပါ ထရူးဒိုးဘက်မှ ရပ်တည်


အော့တာဝါ၊ ဇွန် ၁၁

ကနေဒါနိုင်ငံ ကွီးဘက်တွင် ကျင်းပသည့် ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲမှ ထွက်ခွာလာခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကနေဒါဝန်ကြီးချုပ် ထရူးဒိုးအပေါ် သူ့ထုံးစံအတိုင်း တွစ်တာ လူမှုကွန်ရက်သုံး၍ ဝေဖန်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သလို အမေရိကန်အစိုးရဘက်မှ ကနေဒါကို ပုတ်ခတ်ပြောဆိုမှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီးနောက် ကနေဒါ ပြည်သူများမှာ မကြုံစဖူး ဒေါသတကြီးတုံ့ပြန်ခဲ့ကြပြီး ထရူးဒိုး၏ နိုင်ငံရေးပြိုင်ဘက်များကပါ ၎င်းဘက်မှ ရပ်တည်ပေးခဲ့ကြကြောင်း Newyork Times သတင်းစာက ဖော်ပြသည်။

“ဒါဟာ တော်တော်ကြီးကို သံတမန်မဆန်သလို ရန်လိုတဲ့လုပ်ရပ်ပါ” ဟု အမေရိကန်ဆိုင်ရာ ကနေဒါသံအမတ်ကြီး ဖရန့်ခ်မက်ကင်နာက ဝေဖန်ခဲ့ပြီး မလေးစားသည့် လုပ်ရပ်လည်းဖြစ်သည်ဟု မှတ်ချက်ပေးခဲ့သည်။

“ကနေဒါနိုင်ငံသားအားလုံးက ဝန်ကြီးချုပ်ဘက်က ရပ်တည်ပြီး ဒီအနိုင်ကျင့်မှုကို ဆန့်ကျင်ပါတယ်။ မိတ်ဆွေချင်းဆိုတာ ဒီလိုမျိုး စော်ကားမော်ကား မဆက်ဆံပါဘူး”ဟု သံအမတ်ကြီးက ထရမ့်ကို ဝေဖန်ခဲ့သည်။

မကြာသေးမီကမှ အွန်တာရီယို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံထားရသူ ထရူးဒိုး၏ ပြိုင်ဘက်ဒေါက်ဖို့ဒ် ကပင် “ကျုပ်တို့တွေဟာ ဝန်ကြီးချုပ်နဲ့တကွ ကနေဒါပြည်သူတွေနဲ့ ရင်ပေါင်တန်း ရပ်တည်သွားပါမယ်”ဟု ပြောကြားခဲ့သည်။

ထရူးဒိုးကို အရေးနိမ့်ပြီးဝန်ကြီး ချုပ်နေရာမှ ဆင်းပေးခဲ့ရသူ စတီဖင်ဟာပါးကလည်း ထရမ့်သည် ကနေဒါနှင့် ကုန်သွယ်မှုဆက်ဆံရေးကို ပစ်မှတ်ထားခြင်းမှာ မှားယွင်းသည့်လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။

ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲတွင် အမေရိကန်၏မကြာသေးမီက အကောက်ခွန်စည်းကြပ်မှုများ တင်းကျပ်လိုက်မှုအပေါ် ကျန် နိုင်ငံအားလုံးက ဝေဖန်ထားသည့် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာ အမေရိကန်က လက်မှတ်မထိုးဘဲ ကျန်ခြောက်နိုင်ငံကသာ လက်မှတ်ထိုးခဲ့ကြသည်။ ကနေဒါနိုင်ငံကွီးဘက်တွင် ပြုလုပ်သော အဆိုပါဆွေးနွေးပွဲတွင် အများနှင့်တစ်ယောက် ဖြစ်နေသောကြောင့် စောစောစီးစီးပြန်လည်ထွက်ခွာသွားခဲ့သည့် ထရမ့်က အဲဖို့စ်ဝမ်းလေယာဉ် ပေါ်အရောက်တွင် တွစ်တာမှနေ၍ ထရူးဒိုး မှာ “အင်မတန်မရိုသားသော၊ အားနည်းသော သူတစ်ဦးဖြစ်ပြီး မဟုတ်မမှန်ကြေညာ ချက်များထုတ်ပြန်တတ်သူ” ဟု စွပ်စွဲပုတ်ခတ်ခဲ့သည်။

“ဂျက်စတင်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ မဟုတ်မမှန် ကြေညာချက်တွေထုတ်တာ၊ ကနေဒါက ကျုပ်တို့ အမေရိကန်လယ်သမား၊ အလုပ်သမားနဲ့ ကုမ္ပဏီတွေအပေါ် အကောက်ခွန်အကြီးအကျယ် စည်းကြပ်နေတာကို အခြေခံပြီး အခုကြေညာချက်ကို မထောက်ခံဖို့ အမေရိကန်ကိုယ်စားလှယ်တွေကို ကျုပ်ညွှန်ကြားခဲ့ပါတယ်။ အမေရိကန် ဈေးကွက်ထဲကို အလုံးအရင်းဝင်လာနေတဲ့ (ကနေဒါမှာထုတ်တဲ့) ကားတွေအပေါ် (စည်းကြပ်ဖို့လည်း) စီစဉ်နေပါတယ်” ဟု ထရမ့်က ရေးသားခဲ့သည်။

ထရမ့်၏ ယင်းသို့ဝေဖန်မှုများပြုလုပ်ပြီး မကြာမီတွင် ထရမ့်၏ စီးပွားရေးအကြံပေး လာရီကုဒ်လိုးကလည်း ထရူးဒိုးသည် နောက်ကျောကို ဓားနှင့်ထိုးပြီး ထရမ့်ကို သစ္စာဖောက်ခဲ့ကာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် ဆွေးနွေးပွဲမတိုင်မီ ထရမ့်ဘက်က အားနည်းနေစေရန် လုပ်ကြံသည်ဟု စွပ်စွဲခဲ့သည်။

ထရမ့်၏ ကုန်သွယ်ရေးအကြံပေးပုဂ္ဂိုလ် ပီတာနာဗာရိုကလည်း ထရူးဒိုးအတွက် အထူးငရဲစီစဉ်ထားကြောင်း ခြိမ်းခြောက်ခဲ့သည်။

ထရမ့်သည် မူလကတည်းက ကနေဒါ တွင် လူကြိုက်များသူမဟုတ်ပေ။ ထရမ့်၏ ရွှေ့ပြောင်းအခြေချမှု ဆန့်ကျင်ရေးမူဝါဒများ၊ ရာသီဥတု ပြောင်းလဲလာမှုကို မယုံကြည်သော သဘောထားတို့အပေါ် ပွင့်လင်းမြင်သာမှုနှင့် လူမှုတာဝန်သိမှုကို အလေးထားခြင်းအပေါ် ဂုဏ်ယူတတ်သော ကနေဒါနိုင်ငံတွင် မနှစ်မြို့သူ အထူးများပြားကြောင်း စစ်တမ်းများကဖော်ပြသည်။

ထရမ့်၏တွစ်တာမှ စည်းလွတ်ဝါးလွတ်ရေးသားမှုများကို ကမ္ဘာကြီးက အသားကျနေသော်လည်း မိမိတို့ခေါင်း ဆောင်ထရူးဒိုးအပေါ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုမျိုးမှာမူ လက်ခံနိုင်ဖွယ်မရှိကြောင်းကနေဒါ နိုင်ငံသားများက တုံ့ပြန်ခဲ့ကြသည်။ အချို့က ဆိုလျှင် အမေရိကန်ထုတ်ကုန်များကို သပိတ်မှောက်ရန်နှင့် အမေရိကန်သို့ မလည်ပတ်ရန်ပါ လှုံ့ဆော်မှုများ ရှိနေသည်ဟု သိရသည်။

ကနေဒါကို အမေရိကန်အတွက် အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုတစ်ခုဟု သဘောထားခြင်းမှာ အမေရိကန်၏ အနီးကပ်ဆုံးနှင့်အားအကောင်းဆုံး မဟာမိတ်ဖြစ်ခဲ့သော ကနေဒါပြည်သူများကို စော်ကားခြင်းဖြစ်ကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီး ခရစ္စစတီးယားဖရီးလန်းက ဖေဝန်ခဲ့သည်။

F-03