News

POST TYPE

NEWS

အီတလီပြည်ထဲရေးဝန်ကြီးက ရွှေ့ပြောင်းဒုက္ခသည် ကယ်ဆယ်ရေးသင်္ဘောကို ဆိုက်ကပ်ခွင့် ပိတ်ပင်
12-Jun-2018 tagged as ဝန်ကြီး အီတလီ



ရောမ၊ ဇွန် ၁၁

လစ်ဗျားကမ်းခြေမှ ရွှေ့ပြောင်းဒုက္ခသည် ၆၂၉ ဦးကို ကယ်ဆယ်လာခဲ့သော သင်္ဘောအား အီတလီပြည်ထဲရေးဝန်ကြီးက ဆိပ်ကမ်းဆိုက်ကပ်ခွင့် ပိတ်ပင်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

လက်ယာစွန်း League ပါတီခေါင်းဆောင် ပြည်ထဲရေးဝန်ကြီး မတ်တီယိုဆယ်လ်ဗီနီက Aquarius သင်္ဘောကို မော်လ်တာနိုင်ငံက ဆိုက်ကပ်ခွင့်ပေးသင့်သည်ဟု ပြောကြားသော်လည်း မော်လ်တာက ငြင်းပယ်ခဲ့သည်။

ဂျာမနီမှ SOS မက်ဒီတာရိမ်းနီးယန်း ကယ်ဆယ်ရေးအဖွဲ့သည် အီတလီတို့ လုပ်ပိုင်ခွင့်ရှိသည့် လစ်ဗျားကမ်းလွန်တွင် ဒုက္ခသည်များကို ကယ်ဆယ်ခဲ့ခြင်းဖြစ်သည်ဟု မော်လ်တာက ပြောကြားသည်။

အီတလီသည် မြောက်အာဖရိကမှ ရွှေ့ပြောင်းဒုက္ခသည်များ ဥရောပသို့ ဖြတ်သန်းဝင်ရောက်သော အဓိကဝင်ပေါက် ဖြစ်နေသည်။ League ပါတီသည် ပြီးခဲ့သော ရွေးကောက်ပွဲတွင် ရွှေ့ပြောင်းဒုက္ခသည်များကိစ္စတွင် တင်းကျပ်သောမူဝါဒ ကျင့်သုံးမည်ဟု မဲဆန္ဒရှင်များကို ကတိပေးခဲ့သည်။

ထိုသင်္ဘောအား လက်ရှိရောက်နေသော အီတလီမှ ၃၅ မိုင်အကွာ၊ မော်လ်တာ မှ ၂၇ မိုင်အကွာ ရေပြင်တွင် စောင့်ဆိုင်းနေရန် အီတလီရေကြောင်း အာဏာပိုင်အဖွဲ့က ညွှန်ကြားထားသည်ဟု SOS အဖွဲ့က ပြောကြားသည်။

အဆိုပါ ဒုက္ခသည် ၆၂၉ ဦးကို စနေနေ့က လစ်ဗျားကမ်းလွန်တွင် ကယ်ဆယ်မှုပြုလုပ်ခဲ့သော သီးခြား ၆ နေရာမှ တင်ဆောင်လာခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။ အဖွဲ့၏ရည်မှန်းချက်သည် ဒုက္ခသည်များအား ဘေးကင်းလုံခြုံသော ဆိပ်ကမ်းတစ်ခုတွင် ချပေးရန်ဖြစ်သည်ဟု SOS က ဆိုသည်။

အုပ်ထိန်းသူမပါသော အရွယ်မရောက်သေးသူ ၁၂၃ ဦး၊ ကလေးငယ် ၁၁ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် ၇ ဦး အပါအဝင် ဒုက္ခသည် ၆၂၉ ဦးအနက်မှ ၄၀၀ ခန့်မှာ Aquarius သင်္ဘောပေါ်သို့ မရောက်မီ အီတလီရေတပ်၊ ကမ်းခြေစောင့်တပ်နှင့် ကုန်သင်္ဘောများက ကယ်ဆယ်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

Aquarius သင်္ဘောအဖွဲ့သားများထဲမှ အလက်ဇန်ဒရိုပေါ်ရိုက ၎င်းတို့သင်္ဘောအနေနှင့် မည်သည့်ဆိပ်ကမ်းသို့ သွားရမည်ကို အမြန်ဆုံးသိရှိရန် လိုအပ်နေသည်ဟု ပြောကြားသည်။ “မနေ့က ကယ်ဆယ်ခဲ့ရတဲ့သူတွေဟာ စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်ပါတယ်။ အနည်းဆုံး ၅၀ လောက်က ရေနစ်တော့မယ့် အခြေအနေကနေ ဆယ်ယူခဲ့ရတာပါ” ဟု ၎င်းက ပြောကြားသည်။

အီတလီပြည်ထဲရေးဝန်ကြီးက အီတလီသည် လူကုန်ကူးမှု၊ တရားမဝင် ရွှေ့ပြောင်းမှုများကို ငြင်းဆန်ကြောင်း ပြောကြားလိုက်သည်။

F-04