News

POST TYPE

NEWS

တေးသံရှင်စိုင်းဆိုင်မောဝ်ဂုဏ်ပြု ရန်ပုံငွေတေးဂီတပွဲ ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် တင်ဆက်မည်
12-Jun-2018



မန္တလေး၊ ဇွန် ၁၁

မန္တလေးမြို့တော်ခန်းမ၌ ဇွန်လ ၁၄ ရက်နေ့ညတွင် ဖျော်ဖြေမည့် တေးသံရှင် စိုင်းဆိုင်မောဝ်ဂုဏ်ပြု ရန်ပုံငွေတေးဂီတပွဲကို ရှမ်း၊ မြန်မာနှစ်ဘာသာဖြင့် တင်ဆက်မည်ဖြစ်သည်။

“ချယ်ရီတွေ ဝေဆာလှပစွာပွင့်မည့် မန္တလာည” ရန်ပုံငွေဂီတပွဲတော်တွင် ရှမ်းတေးသံရှင်များက ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် တင်ဆက်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူ မောက်ကွမ်တိုင်းရှမ်းချယ်ရီ ပရဟိတ ရှမ်းလူငယ်အဖွဲ့နာယက ဒေါ်နန်းရွှေအေးက ပြောကြားသည်။

“သူ (စိုင်းဆိုင်မောဝ်) က နေမကောင်းဘူး။ ဆေးဖိုးဝါးခလိုတယ်လေ။ ရန်ပုံငွေရှာပေးမယ်ဆိုတော့ ရှမ်းပြည်မှာလည်းလုပ်ပေးတယ်။ ကျွန်မတို့လည်းစိတ်ကူးတယ်။ ကလေးတွေကလည်း ဆန္ဒရှိတယ်ဆိုတော့ လုပ်ဖြစ်သွားတာပေါ့”ဟု ၎င်းက ပြောဆိုသည်။

ယင်းဂီတပွဲတော်တွင် ရှမ်းတိုင်းရင်းသား တေးသံရှင်များဖြစ်ကြသည့် စိုင်းလောဝ်ဆိုင်၊ ထျန့်လျောင်း၊ စိုင်းလိတ်၊ စိုင်းဟန်ဆိုင်၊ စိုင်းအွန်လိန်ခေး၊ အူးလိုင်း၊ စိုင်းခွန်ဆေ၊ နန်းနွံမောဝ်၊ နန်းဆိုင်လင်းခမ်း၊ နန်းမောက်စံခမ်း၊ လောဝ်လောဝ်၊ နန်းခမ်းလှိုင်း၊ ယိင်းယိင်းခေး၊ လောဝ်နွံဟွမ်၊ ဖွေးနွံဆိုင်၊ စိုင်းအွန်မောဝ်၊ နန်းဆာရာတို့က နမ့်မောဝ်ခမ်းတေးဂီတအဖွဲ့နှင့်အတူ စိုင်းဆိုင်မောဝ်၏ တေးသီချင်းများကို မြန်မာ၊ ရှမ်းနှစ်ဘာသာဖြင့် သီဆိုမည်ဖြစ်သည်။

တေးသံရှင်စိုင်းဆိုင်မောဝ်အနေနှင့် ကျောက်ကပ်ရောဂါခံစားနေရသည်မှာ တစ်နှစ်ကျော်ခန့်ရှိပြီဖြစ်ရာ လတ်တလောတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဆေးကုသမှုခံယူနေကြောင်း၊ ယင်းကြောင့် ယခုကျင်းပမည့် ရန်ပုံငွေဖျော်ဖြေပွဲကို မတက်နိုင်ကြောင်း၊ ရရှိလာသည့်ငွေများကို စိုင်းဆိုင်မောဝ်ကို လှူဒါန်းမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

အဆိုပါတေးဂီတပွဲအတွက် လက်မှတ်များကို မန္တလေးမြို့ရှိ ရှမ်းအစားအစာနှင့် အထည်ဆိုင်များတွင် တစ်စောင်လျှင် ကျပ်ငါးထောင်နှုန်းဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကာ ဖုန်း ဝ၉-၂၅၆၂၆၂၆၄၂၊ ဝ၉-၇၉၈၀၆၇၂၂၆ ကို ဆက်သွယ်ဝယ်ယူပါက လက်မှတ်များကို အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးမည်ဖြစ်သည်။ 

M-07

  • VIA