News

POST TYPE

NEWS

တက္ကသိုလ်ဝင်ခွင့် ယခုလကုန်ပိုင်း စတင်လျှောက်နိုင်မည်
ရန်ကုန်၊ ဇွန် ၁၁

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနေနှင့် ဇွန်လ ၂၆ ရက်မှစ၍ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ဇွန်လ ၁၁ ရက် ညနေပိုင်းတွင် ပြောကြားသည်။

တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် စာအုပ်နှင့် လျှောက်လွှာပုံစံများကို မြို့နယ်အလိုက် စာစစ်ဌာနကြီးကြပ်ရေးမှူးများ သို့မဟုတ် အခြေခံပညာအထက်တန်း ကျောင်းအုပ်များထံ ဇွန်လ ၂၅ ရက်မှစ၍ တောင်းယူနိုင်မည်ဖြစ်ကြောင်း ယင်းဌာနထံမှသိရှိရသည်။

ဇွန်လ ၂၆ ရက်မှ ဇူလိုင်လ ၂၀ ရက်အတွင်း ရုံးပိတ်ရက်များတွင်ပါ လျှောက်ထားနိုင်မည်ဖြစ်ကာ သတ်မှတ်ရက်ကျော်လွန်ပါက ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ သထုံလမ်းရှိ အဆင့်မြင့်ပညာဦးစီးဌာန ရန်ကုန်ရုံးခွဲသို့ ပေးပို့လျှောက်ထားရမည်ဖြစ်သည်။

အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့ထံ လိပ်မူ၍ မြစ်ကြီးနားတက္ကသိုလ်၊ လွိုင်ကော်တက္ကသိုလ်၊ ဘားအံတက္ကသိုလ်၊ ဟားခါးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ စစ်ကိုင်းတက္ကသိုလ်၊ ထားဝယ်တက္ကသိုလ်တို့မှတစ်ဆင့် လျှောက်ထားနိုင်မည်ဖြစ်သည်။

တောင်ငူတက္ကသိုလ်၊ ပြည်တက္ကသိုလ်၊ ပဲခူးတက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်၊ မန္တလေးအဝေးသင်တက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်၊ စစ်တွေတက္ကသိုလ်၊ တောင်ကုတ်ဒီဂရီကောလိပ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်တို့မှလည်း လျှောက်ထားနိုင်မည်ဖြစ်သည်။

ထို့ပြင် တောင်ကြီးတက္ကသိုလ်၊ လားရှိုးတက္ကသိုလ်၊ ကျိုင်းတုံတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်နှင့် ဟင်္သာတတက္ကသိုလ်တို့မှလည်း လျှောက်ထားနိုင်မည်ဖြစ်သည်။ 

တိုက်ရိုက်လျှောက်ထားနိုင်မည့် တက္ကသိုလ် ၁၁ ခု၏ ဝင်ခွင့်ကိုမူ နိုင်ငံပိုင်သတင်းစာမှ ခေါ်ယူမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနထံမှ သိရှိရသည်။

J-19