News

POST TYPE

NEWS

မြင်းခြံဆေးရုံမှ သုံးရက်သားကလေးကို ခိုးယူလာသည့် အမျိုးသမီးကို ရန်ကုန်အဝင်တွင် ဖမ်းမိ


ရန်ကုန်၊ ဇွန် ၁၁

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ဆေးရုံမှ သုံးရက်သား ကလေးငယ်တစ်ဦးကို ခိုးယူလာသည့် အမျိုးသမီးကို ဇွန်လ ၁၁ ရက် နံနက် ၃ နာရီဝန်းကျင်က ရန်ကုန်အဝင် အမြန်လမ်း ၁၁ မိုင်တွင် ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ခိုးယူခံရသည့် သုံးရက်သား ယောကျာ်းလေးမှာ မြင်းခြံဆေးရုံတွင် မွေးဖွားပြီးနောက် အသားဝါရောဂါမှ ကာကွယ်ရန် မြင်းခြံခရိုင် ဆေးရုံကြီးတွင် ဓာတ်ကင်နေရာမှ ဇွန်လ ၁၀ ရက်နေ့က ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

ကလေးပျောက်ဆုံးမှုကို ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ အမျိုးသမီးတစ်ယောက်ကို ကလေးနှင့်အတူ မြင်းခြံကားကြီးဝင်းအတွင်း ရောက်ရှိနေခဲ့ကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ည ၁၂ နာရီ ၄၅ မိနစ်တွင် သွားရောက်စစ်ဆေးရာ ရွှေမန်းသူကားဂိတ်တွင် မြင်းခြံမှ ရန်ကုန်သို့ မမြင့်မြင့်မော်အမည်ဖြင့် ကလေးငယ်တစ်ဦးနှင့်အတူ 6H / 5901 နံပါတ်ပါ Express ကားဖြင့် ခုံနံပါတ် ၄၅ တွင် လိုက်ပါသွားကြောင်းသိရသဖြင့် ကား၏ ယာဉ်ကြီးကြပ်သူ ဦးဝင်းဆွေကို ဆက်သွယ်စုံစမ်းရာ ကားမှာ မိုင်တိုင်အမှတ် ၁၁၅ တွင် ရောက်ရှိနေကြောင်းသိရသဖြင့် အမှတ် (၃) အမြန်လမ်းရဲစခန်းက ထိုကားကိုတား၍ စစ်ဆေးပေးရန် ဆက်သွယ်အကြောင်းကြားခဲ့ရာ ဇွန်လ ၁၁ ရက်မနက် ၃:၄၅ အချိန်တွင် အမှတ် (၃) အမြန်လမ်းရဲစခန်းမှ ရဲအုပ်အောင်သင်းဦးနှင့်အဖွဲ့က ကားကိုတား၍ မမြင့်မြင့်မော်ကို ကလေးနှင့်အတူ ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။၊

“ကလေးခိုးခံရတဲ့ မိဘတွေက အခုဖမ်းမိတဲ့ အမျိုးသမီးကို ဆေးရုံမှာ လူနာစောင့်လာလုပ်တယ်ထင်ပြီး ခင်မင်ခဲ့ကြတာ။ ကလေးကို မိဘတွေရော အဘိုးအဘွားတွေပါ စောင့်ကြည့်နေတဲ့ကြားက ဒီအမျိုးသမီးက ကလေးကိုရအောင် ခိုးယူသွားတာ။ ရန်ကုန်ကို ခရီးသည်ကားတစ်စီးနဲ့ လိုက်ပါသွားတယ် သတင်းရလို့ အမြန်လမ်းရဲတပ်ဖွဲ့ဆီ သတင်းပေးပို့ပြီး လမ်းမှာပိတ်ဆို့ရှာဖွေ ဖမ်းဆီးခဲ့တာပါ။ အခုတော့ ကလေးကို သူ့မိဘတွေလက်ထဲ ပြန်အပ်လိုက်ပါပြီ”ဟု မြင်းခြံမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါ ကလေးခိုးယူမှုမှ ဖမ်းမိထားသည့် အမျိုးသမီးကို မြင်းခြံမြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၆၃ (လူခိုးယူမှု) ပုဒ်မဖြင့် အမှုဖွင့် အရေးယူထားပြီး မည်သည့်ရည်ရွယ်ချက်ဖြင့် ကလေးခိုးယူခဲ့သည်ကို အသေးစိတ်သိရှိနိုင်ရန် ထပ်မံ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ 

မြင်းခြံဆေးရုံမှ ကလေးခိုးယူခံရမှု ဖြစ်စဉ်ကဲ့သို့ ယခုနှစ် မတ်လ ၅ ရက် နေ့ကလည်း မြောက်ဥက္ကလာပမြို့နယ် မေဓာဝီဆေးရုံတွင် မွေးကင်းစ ကလေးငယ်တစ်ဦးကို အမည်မသိ အမျိုးသမီးတစ်ဦးက ခိုးယူသွားခဲ့ပြီး ယနေ့အချိန်ထိ ယင်းအမှုကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ 

S-03၊ R-01