News

POST TYPE

NEWS

ဘဏ်နှစ်ဘဏ် ဖျက်သိမ်းမည့် ကောလာဟလ ဗဟိုဘဏ်ငြင်း
ရန်ကုန်၊ ဇွန် ၁၁ 

ဘဏ်နှစ်ဘဏ် ဖျက်သိမ်းတော့မည်ဟု လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ကောလာဟလမှာ မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က The Voice Daily သို့ ပြောကြားသည်။ 

ဗဟိုဘဏ်ဥပဒေနှင့်အညီ ဘဏ်နှစ်ဘဏ် ဖျက်သိမ်းမည်ဆိုခြင်းမှာ ပြည်သူလူထုအထင်အမြင်လွဲမှားစေရန် သတင်းအမှားများ ရေးသားခြင်း၊ ထုတ်လွှင့်ခြင်းတို့နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက အရေးယူဆောင်ရွက်ရန် လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။

“အရေးယူတာတော့ ကျွန်တော်တို့က လုပ်လို့မရဘူး။ သက်ဆိုင်ရာဌာနတွေက လုပ်ပါလိမ့်မယ်”ဟု ၎င်းက ပြောသည်။ 

မည်သည့်ဘဏ်မျှ ဖျက်သိမ်းရန်မရှိဘဲ ကောလာဟလဖြန့်သူမှာ နိုင်ငံ့စီးပွားရေးကို မတည်ငြိမ်အောင် ပြုလုပ်လို၍ လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ဗဟိုဘဏ် အသိုင်းအဝိုင်းက ဆိုသည်။

လတ်တလောပုဂ္ဂလိက ဘဏ်များ၏ အခြေအနေမှာ တိုးတက်လာပြီဖြစ်ပြီး ယခုကဲ့သို့ အဖျက်အမှောင့် သဘောဆန်သော ကောလာဟလ ရေးသားထုတ်လွှင့်မှုများသည် နိုင်ငံ၏ အကျိုးစီးပွားကိုပျက်စီးစေသော သဘောဖြစ်နေခြင်းကြောင့် ယုံကြည်မှုမရှိရန်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို မေးမြန်းစုံစမ်းပြီး ဆောင်ရွက်ရန် ဦးဝင်းသော်က ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။ 

ဘဏ်နှစ်ဘဏ်နှင့် အများပိုင်ကုမ္ပဏီ ၅ ခု အခြေအနေမဟန်ကြောင်း ဇွန်လ ၁၀ ရက် ညပိုင်းက တောင်တွင်းကြီးမြို့နယ်မှ ဒေါက်တာကျော်စွာ အမည်ဖြင့် အကောင့်ပိုင်ရှင်က လူမှုကွန်ရက်တွင် ရေးသားခဲ့ပြီး ယင်းသတင်းနှင့်ပတ်သက်၍ လူအများက စိုးရိမ်ခဲ့ကြသည်။