News

POST TYPE

NEWS

မြန်မာဒူးရင်းသီး အကင်း၊ အရင့်နှင့် အစေ့ပါမကျန် ထိုင်းနှင့် တရုတ်လိုက်ဝယ်
11-Jun-2018



ထားဝယ်၊ ဇွန် ၁၀

တနင်္သာရီတိုင်းအတွင်း ဒူးရင်းသီး အကင်း၊ အရင့်နှင့် အစေ့ပါမကျန် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသားများက လိုက်လံဝယ်ယူလျက်ရှိသည်။

မြိတ်ခရိုင် မောတောင်မြို့ (နယ်စပ်) နှင့် မြိတ်မြို့တို့တွင် အနာအဆာကင်းသည့် ဒူးရင်းအစေ့များကို တစ်ကီလိုလျှင် ဘတ် ၅၀ မှ ၁၀၀၊ တစ်ပိဿာလျှင် ကျပ် ၁၅၀၀ မှ ကျပ် ၂၀၀၀ စသဖြင့် လိုက်လံဝယ်ယူလျက်ရှိကြောင်း မြိတ်နှင့်မောတောင်ရှိ ဒူးရင်းသီးရောင်းသူများက ပြောသည်။

ထားဝယ်တွင်လည်း အစေ့တစ်ပိဿာလျှင် ကျပ် ၁၅၀၀ ၊ အရင့် တစ်လုံးလျှင် ကျပ် ၂၅၀၀ ဖြင့် တရုတ်နိုင်ငံသားများက လိုက်လံဝယ်ယူလျက်ရှိသည်ဟု ထားဝယ်ဈေးကွက်အတွင်းမှ သိရသည်။

၎င်းအပြင် ကော့သောင်းတွင်လည်း ဒူးရင်းသီးအကင်းနှင့် အစေ့တစ်ကီလိုလျှင် ဘတ် ၇၀ အထိ လိုက်လံဝယ်ယူလျက်ရှိကြောင်း ကော့သောင်းဈေးကွက်အတွင်းမှ သိရသည်။

လိုက်လံဝယ်ယူသူများမှာ မြန်မာနိုင်ငံသားများအပြင် ထိုင်းနှင့် တရုတ်နိုင်ငံသားများလည်း ပါဝင်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

“မျိုး​စေ့ယူဖို့လို့​တော့​ ပြောသံကြားတာပဲ”ဟု ကော့သောင်းမြို့နယ် ၁၀ မိုင်ကျေးရွာတွင် ဒူးရင်းသီးရောင်းချနေသူတစ်ဦးက ပြောသည်။

ဒူးရင်းသီးအစေ့များကို ထိုင်းဘက်မှ ပျိုးပင်အဖြစ် ပျိုးထောင်ခြင်း၊ ပြန်လည်စိုက်ပျိုးခြင်းတို့ကို လုပ်ဆောင်နေကြောင်း မောတောင်ရှိ ဒူးရင်းသီးအရောင်းအဝယ် ပြုလုပ်နေသူများက ပြောသည်။

မောတောင်နယ်စပ်တွင် ဒူးရင်းစေ့များကို ရံဖန်ရံခါ လာရောက်ဝယ်ယူလေ့ရှိကြပြီး ကော့သောင်းနှင့်ထားဝယ်တွင်မူ ယခုနှစ်တွင် ပထမဆုံးဝယ်ယူမှုရှိလာခြင်းဖြစ်ကြောင်း ဒူးရင်းသီးရောင်းသူများထံမှ သိရသည်။ 

Dawei Watch

  • VIA