News

POST TYPE

NEWS

မန္တလေးတက္ကသိုလ်ပင်မဆောင် အကြီးစားပြင်ဆင်ရန်စီစဉ်


မန္တလေး၊ ဇွန် ၁၀

မန္တလေးမြို့ ၄၁ လမ်းနှင့် ၇၃ လမ်းရှိ မန္တလေးတက္ကသိုလ် ပင်မဆောင်ကို အကြီးစားပြင်ဆင်ရန်ရှိနေကြောင်း အဆိုပါတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ပြောကြားသည်။

“နှစ် ၁၀၀ ပြည့်တော့မယ့် အဆောက်အအုံကို အလွယ်တကူအထိ ခိုက်ခံလို့မဖြစ်ဘူး။ ပြုပြင်မွမ်းမံဖို့ရှိလာပြီ။ ဒီတက္ကသိုလ်က တစ်ဦးတည်းပိုင်မဟုတ်ဘူး။ မွမ်းမံတဲ့အခါ လက်ရာမပျက်အောင် အများရဲ့အကြံဉာဏ်တွေနဲ့ သေသေချာချာလုပ်မှာပါ”ဟု ၎င်းက ရှင်းပြသည်။

မန္တလေးတက္ကသိုလ် ပင်မဆောင်ကို ၁၉၂၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ၁၉၂၅ ခုနှစ်တွင် ဥပစာကောလိပ်အဖြစ် တိုးမြှင့်လိုက်သော်လည်း ပင်မဆောင်ကိုမူ ကျောင်းဆောင်အဖြစ် အသုံးမပြုခဲ့ကြောင်း၊ ဒုတိယကမ္ဘာစစ်ပြီးချိန်မှသာ ကျောင်းဆောင်အနေနှင့် အသုံးပြုခဲ့ကြောင်း၊ လက်ရှိတွင် အဆိုပါပင်မဆောင်သည် နှစ်ပေါင်း ၉၀ ကျော် သက်တမ်းရှိပြီဖြစ်ကြောင်း မှတ်တမ်းများအရသိရသည်။

မန္တလေးတက္ကသိုလ်သည် အစဉ်အလာကြီးမားသည့် တက္ကသိုလ်ဖြစ်ခြင်း၊ မြို့မိမြို့ဖများ ထူထောင်ပေးခဲ့ခြင်းတို့ကြောင့် ပြုပြင်ထိန်းသိမ်းရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပညာရှင်များ၊ မြို့မမြို့ဖများပါဝင်သည့် ကော်မတီဖွဲ့စည်းကာ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဒေါက်တာတင်ထွန်းအောင်က ထပ်မံပြောဆိုသည်။

“ဒီတက္ကသိုလ်ကြီး ရေရှည်အဓွန့်ရှည်ရေး၊ ဂုဏ်ဒြပ်ပိုမိုကြီးမြတ်ရေးက အားလုံးမှာတာဝန်ရှိတယ်”ဟု မန္တလေးတက္ကသိုလ် ကျောင်းသားဟောင်း စာရေးဆရာ ဆူးငှက်က အဆိုပါတက္ကသိုလ် နှစ် ၆၀ ပြည့် အထိမ်းအမှတ် စာပေစကားဝိုင်းတွင် ပြောကြားထားခဲ့သည်။ 

M-07