News

POST TYPE

NEWS

အမေရိကန်နှင့်ဆက်ဆံရေး မပြေမလည်ဖြစ်နေချိန် တရုတ်နှင့်ရုရှား သမ္မတနှစ်ဦး ဘေဂျင်းတွင်တွေ့ဆုံ


ဘေဂျင်း၊ ဇွန် ၉

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာအငြင်းပွားမှုများကြောင့် ကုန်သွယ်ရေးစစ်ဖြစ်မည့်သဘောမျိုး သက်ရောက်နေချိန်တွင် တရုတ်နှင့် အိမ်နီးချင်းရုရှားနိုင်ငံတို့၏ ဆက်ဆံရေးမှာ တိုးတက်ကောင်းမွန်လျက်ရှိသလို မြို့တော်ဘေဂျင်းတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို သမ္မတရှီကျင့်ဖျင်က တည်ခင်းဧည့်ခံခဲ့ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။ 

ရုရှားသမ္မတ ဗလာဒီမာပူတင်ကို တရုတ်သမ္မတရှီကျင့်ဖျင်က ဆုတံဆိပ်တစ်ခုလည်း ပေးအပ်ခဲ့သည်ဟု သတင်းက ဆိုသည်။ 

သောကြာနေ့က ဘေဂျင်းမြို့၌ အဆိုပါခေါင်းဆောင်နှစ်ဦး တွေ့ဆုံရာတွင် ရုရှားနှင့်တရုတ်အကြား မဟာဗျူဟာကျစွာ ပူးပေါင်းလုပ်ကိုင်ရန် အရေးကြီးသည့်အချက်ကို အလေးအနက်ထား ချီးမွမ်းပြောဆိုခဲ့ကြသည်။ 

သမ္မတပူတင်သည် ရှီကျင့်ဖျင်နှင့် ဆွေးနွေးမှုမပြုလုပ်မီ ၎င်းနှင့်အတူ တရုတ်ဂုဏ်ပြုတပ်ဖွဲ့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ရုရှားရော တရုတ်နိုင်ငံပါ အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး မပြေမလည်ဖြစ်နေချိန်တွင် တွေ့ဆုံခဲ့ကြခြင်းလည်းဖြစ်သည်။ 

သမ္မတပူတင်နှင့် သမ္မတရှီကျင့်ဖျင်တို့သည် ကမ္ဘာလုံးဆိုင်ရာ မတည်မငြိမ်မှုနှင့် မရေရာမသေချာမှုများဖြစ်နေချိန်တွင် တရုတ်နှင့်ရုရှားတို့အနေနှင့် မဟာဗျူဟာ တည်ငြိမ်မှုဆိုင်ရာကိစ္စများကို အလေးအနက်ထား ညှိနှိုင်းတိုင်ပင်ရန် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ 

ယင်းသဘောတူကြေညာချက်တွင် အီရန်နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်ခဲ့သည့် အမေရိကန်ပြည်ထောင်စု၏ ဆုံးဖြတ်ချက်ကို ပြစ်တင်ကန့်ကွက်ထားသည်။ သို့သော် တရုတ်နှင့် ရုရှားတို့အနေနှင့် အီရန်နိုင်ငံနှင့် ကုန်သွယ်ရေးများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။ 

ထို့ပြင် ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ ရုရှား-တရုတ် ပူးတွဲရင်းနှီးမြှုပ်နှံမှုရန်ပုံငွေတစ်ရပ် ထူထောင်သွားရန်လည်း ရှီကျင့်ဖျင်နှင့် ပူတင်တို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။ 

ထို့နောက် သမ္မတရှီကျင့်ဖျင်က အသစ်ပြုလုပ်ထားသော ချစ်ကြည်ရင်းနှီးမှု တံဆိပ်တစ်ခုကို သမ္မတပူတင်အား ပေးအပ်ခဲ့သည်။ 

ပူးတွဲသတင်းစာရှင်းလင်းပွဲကျင်းပပြုလုပ်ရာတွင် သမ္မတပူတင်က မိမိတို့သည် အောင်မြင်အကျိုးဖြစ်ထွန်းသော ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့သည်ဟုဆိုသည်။ 

“တရုတ်နဲ့ရုရှားအကြား ဆက်ဆံရေးဟာ ချစ်ကြည်ရင်းနှီးမှုသက်သက်သာမက မဟာဗျူဟာမိတ်ဖွဲ့မှုဆိုတဲ့ စိတ်ဓာတ်၊ အိမ်နီးချင်းဆိုတဲ့စိတ်ဓာတ်တွေ ပါဝင်နေပါတယ်” ဟု ပြောကြားသည်။ 

သမ္မတရှီကျင့်ဖျင်ကမူ နှစ်နိုင်ငံစလုံး၏ ပင်မအကျိုးစီးပွားများကို နှစ်နိုင်ငံစလုံးက မမှိတ်မသုန်ထောက်ခံကြကြောင်း၊ နိုင်ငံတကာရေးရာများနှင့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုကိစ္စရပ်များတွင်လည်း တက်ကြွစွာပင် ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း ပြောကြားသည်။

F-01