News

POST TYPE

NEWS

ဝန်ကြီးဟောင်း ဦးကျော်ဝင်းကို စစ်ဆေးရာ၌ ဥပဒေနှင့် ငြိစွန်းသည့် အထောက်အထား မတွေ့ရဟုဆို
10-Jun-2018



ရန်ကုန်၊ ဇွန် ၉

အဂတိလိုက်စားသည်ဟု တိုင်တန်းခံရသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးကျော်ဝင်းကို စစ်ဆေးရာတွင် အဂတိလိုက်စားမှုနှင့် ငြိစွန်းသည့်ခိုင်လုံသော သက်သေအထောက်အထား မတွေ့ရ၍ အရေးမယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားသည်။

ဇွန်လ ၉ ရက်က နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စုပေါင်းအစည်းအဝေးခန်းမ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကော်မရှင်ဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

ဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့်ပတ်သက်၍ အချက် ၈ ချက်ပါသော တိုင်ကြားစာကို မေလ ၃ ရက်က လက်ခံရရှိခဲ့ပြီး မေလ ၇ ရက်မှ ၂၂ ရက်အထိ တိုင်ကြားသူ၊ တိုင်ကြားခံသူနှင့် သက်သေစုစုပေါင်း ၂၂ ယောက်ကို စစ်ဆေးခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံမှ သိရသည်။

အဆိုပါတိုင်ကြားချက်များတွင် အချက် ၃ ချက်မှာ ပုဂ္ဂိုလ်ရေးကိစ္စများဖြစ်ပြီး ကျန်အချက် ၅ ချက်သည်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ ငြိစွန်းမှုမရှိကြောင်း ကော်မရှင်က သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းပြောဆိုသည်။

“တည်ဆဲ အဂတိတိုက်ဖျက်ရေးဥပဒေနဲ့ ငြိစွန်းရင် မည်သူ့ကိုမဆို မျက်နှာမလိုက်ဘဲ အရေးယူသွားမယ်လို့ ဥက္ကဋ္ဌကိုယ်တိုင် ပြောထားပါတယ်”ဟု အဆိုပါကော်မရှင်မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်းကို အဓိကတိုင်ကြားခံရသည့် ဖြစ်စဉ်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကို ၎င်းလုပ်ကိုင်နေသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနအောက်သို့ ပြောင်းရွှေ့ခြင်း၊ ပုဂ္ဂလိက ပိုင်ဘဏ်တစ်ခုကို ငွေကြေးခဝါချရန် ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ တိုင်ကြားခံရခြင်း အပါအဝင် ကုမ္ပဏီတစ်ခု၏ ကူညီပံ့ပိုးမှုရယူ၍ စီမံ/ဘဏ္ဍာဝန်ကြီးဌာန၌ ဂေါက်ရိုက်ပြိုင်ပွဲကျင်းပခဲ့သော ကိစ္စရပ်များပါဝင်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းပြောကြားသည်။ 

J-17

  • VIA