News

POST TYPE

NEWS

အချက်ပြမီးပွိုင့်များ တွံတေးမြို့နယ်၏ လမ်းဆုံနေရာလေးခုတွင် တပ်ရန်စီစဉ်
08-Jun-2018

ရန်ကုန်၊ ဇွန် ၇

ရန်ကုန်မြို့တွင်းမြို့နယ်များမှ ဖြုတ်သိမ်းထားသည့်အချက်ပြမီးပွိုင့်များကို မီးပွိုင့်တစ်ခုမှ တပ်ဆင်ထားခြင်းမရှိသည့် တွံတေးမြို့နယ်၏လမ်းဆုံနေရာလေးခုတွင် တပ်ဆင်ရန်စီစဉ်နေကြောင်း တွံတေးမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

အဆိုပါအချက်ပြမီးပွိုင့်များကို တွံတေးမြို့နယ်ရှိ ယာဉ်နှင့်ဆိုင်ကယ်များ သွားလာမှုများပြားသည့် ကျောက်တိုင်၊ ကံဘဲ့၊ မြို့ရှောင်နှင့် သံဖြူရုံ လမ်းဆုံနေရာ လေးခုတို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရန် အမြန်ဆုံးတပ်ဆင်သွားမည်ဖြစ်ကြောင်း တွံတေးမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦးက ပြောကြားသည်။

“တွံတေးမှာက မီးပွိုင့် တစ်ခုမှမရှိဘူး။ ယာဉ်တွေက အရမ်းများလာတော့ ခဏခဏယာဉ်တိုက်မှု၊ ထိခိုက်မှုတွေရှိလာတော့ တိုင်းလွှတ်တော်မှာ တပ်ဆင်မယ်လို့ ဝန်ကြီးက ပြောထားတယ်။ မြို့တွင်းမြို့ထဲက ဖြုတ်ထားတဲ့ မီးပွိုင့်တွေက ဟောင်းပေမယ့် အကောင်းကြီးတွေပါ။ မီးပွိုင့်တပ်လိုက်ရင် ယာဉ်အန္တရာယ်ကင်းရှင်းစွာနဲ့ သွားလာနိုင်ပြီ” ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့တွင်းရှိ ဖြုတ်သိမ်းထားသော မီးပွိုင့်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တိုင်းဒေသကြီးစည်ပင်အဖွဲ့ကို လွှဲပြောင်းပေးအပ်ပြီးပါက လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပေါင်းစပ်ညှိနှိုင်းကာ တွံတေးမြို့တွင် တပ်ဆင်သွားမည်ဖြစ်သည်။

ရန်ကုန်မြို့တွင်းမှ ဖြုတ်ယူသိမ်းထားသည့် မီးပွိုင့် ၁၅၄ ခုကို တွံတေးမြို့နယ်အပြင် အခြားစည်ပင်သာယာနယ်နိမိတ်ပြင်ပမြို့နယ်အချို့တွင် တပ်ဆင်ရန် စီစဉ်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

J-10