News

POST TYPE

NEWS

သိန်း ၁၀၀ တောင်းသည့် တိုင်းလွှတ်တော်ကိုယ်စားလှယ်ကို လွှတ်တော်စိစစ်ရေးကော်မတီ စစ်ဆေးပြီးဟုဆို
ပုသိမ်၊ ဇွန် ၇

ဧရာဝတီတိုင်း အိမ်မဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်က ကျေးရွာလျှပ်စစ်မီးလင်းရေးအတွက် ကျပ်သိန်း ၁၀၀ တောင်းခံမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီးလွှတ်တော်လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကော်မတီက စစ်ဆေးပြီးကြောင်း ကော်မတီ ဥက္ကဋ္ဌ ဦးဌေးအောင်က ပြောသည်။

အဆိုပါ စစ်ဆေးမှုအစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌထံ တင်ပြထားကြောင်း စစ်ဆေးချက်နှင့် ပတ်သက်၍ အသေးစိတ်မေးမြန်းရာတွင် ၎င်းက ဖြေကြားခြင်းမရှိပေ။ 

အိမ်မဲမြို့နယ်၊ ကျေးရွာမီးလင်းရေးအတွက် တကောကျေးရွာသို့ ခွင့်ပြုထားသည့်ဘတ်ဂျက်ကို ညောင်ကုန်းချောင်းဖျားကျေးရွာသို့ ခေါင်းစဉ်ပြောင်းလဲသုံးစွဲရန်အတွက် သက်ဆိုင်ရာဌာနများထံပေးရန် ကျပ်သိန်း ၁၀၀ ကို ကျေးရွာမီးလင်းရေး ကော်မတီထံမှ ဦးအောင်ကျော်မြိုင်က တောင်းယူခဲ့ကြောင်း၊ ယင်းသတင်းရရှိသော အိမ်မဲမြို့နယ်အလွတ်တန်းသတင်းထောက် ကိုသူရစိုးကို ဦးအောင်ကျော်မြိုင်က သတင်းမရေးရန် ညှိနှိုင်းခဲ့သော်လည်း လက်မခံခဲ့သဖြင့် မတ်လ ၂၇ ရက်က ကျေးရွာသို့ ငွေများ ပြန်ပေးခဲ့ကြောင်း၊ အဆိုပါကိစ္စကို ကိုသူရစိုးက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးပြီးနောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်က ၎င်း၏ လုပ်ပိုင်ခွင့်ကို အသုံးပြု၍ ကျပ် သိန်း ၁၀၀ ကို မမှန်မကန်တောင်းခံရယူခဲ့သော်လည်း ကိုယ်ကျိုးအတွက် သုံးစွဲခြင်းမရှိကြောင်း၊ လာဘ်ပေးလာဘ်ယူပြုလုပ်ကြောင်း အထောက်အထား ခိုင်မာမှုမရှိသော်လည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနှင့် မီးလင်းရေးကိစ္စတွင် ငွေကြေးကိစ္စများ၌ ကျင့်ဝတ်နှင့် မညီဘဲ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်း၊ စီမံခန့်ခွဲမှုလွဲမှားစွာ ဆောင်ရွက်ခြင်း၊ အများပြည်သူ အထင်လွဲမှားစေရန် ဆောင်ရွက်ခြင်းတို့ တွေ့ရှိရကြောင်း သုံးသပ်ခဲ့ပြီး တိုင်းလွှတ်တော်ထံသို့ အကြောင်းကြားခဲ့ကြောင်း တိုင်းလွှတ်တော် ဥက္ကဋ္ဌရုံးထံမှ သိရသည်။ 

“လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီကနေ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်ကိုရော၊ ဒေသခံပြည်သူတွေ၊ မီးလင်းရေးကော်မတီဝင်တွေကိုပါ ခေါ်ယူစစ်ဆေးဆောင်ရွက်သွားပြီးပါပြီ၊ စစ်ဆေးတွေ့ရှိချက်နဲ့ အရေးယူဆောင်ရွက်မှုတွေကို ထပ်ပြီးထုတ်ပြန်ပေးပါမယ်”ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်ဆိုသည်မှာ ပြည်သူအတွက်အလုပ်လုပ်ပေးနေကြရသူများဖြစ်၍ လုပ်မှားကိုင်မှားရှိလာ နိုင်ကြောင်း၊ ယခုကိစ္စတွင် ပြည်သူအများကြားတွင် သံသယရှိစရာအဖြစ် သတ်မှတ် ခံလိုက်ရကြောင်း၊ ကျန်သည့်ကိုယ်စားလှယ်များကလည်း ဦးအောင်ကျော်မြိုင်၏ ဖြစ်စဉ်ကို အတုယူ၍ လုပ်မှားကိုင်မှားမဖြစ်ရအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဦးအောင်ကျော်မြိုင်ကို လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကော်မတီမှ စစ်ဆေးခြင်းသာမကဘဲ တိုင်းဒေသကြီး NLD ပါတီဥက္ကဋ္ဌထံ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

R-11