News

POST TYPE

NEWS

ဟင်္သာတရေကာတာ အဆင့်မြှင့်လုပ်ငန်းများ ဆောင်ရွက်
08-Jun-2018

ဟင်္သာတ၊ ဇွန် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ရှိ မြို့နယ်ခြောက်မြို့နယ်အတွက် အရှည်မိုင်နှစ်ရာကျော်ဖြင့် ကာကွယ်ထားသည့် ရေကာတာကို ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ် ပထမခြောက်လ၌ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနထံမှ သိရသည်။

ဟင်္သာတရေကာတာမှာ ခရိုင်အတွင်းရှိမြို့နယ် ၆ မြို့နယ်အပါအဝင် အခြားနီးစပ်ရာမြို့နယ်များကို ရေဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် တာအဆင့်မြှင့်တင်ခြင်း လုပ်ငန်းအဖြစ် ကြံခင်းမြို့နယ်တွင် လုပ်ငန်းလေးခု၊ မြန်အောင်မြို့နယ်တွင် လုပ်ငန်း ၂၇ ခု လုပ်ကိုင်နေကြောင်း၊ ယင်းအပြင် အင်္ဂပူမြို့နယ်တွင် လုပ်ငန်း ၁၁ ခု၊ ဟင်္သာတမြို့နယ်တွင် လုပ်ငန်း ၃၄ ခု၊ လေးမျက်နှာမြို့နယ်တွင် လုပ်ငန်း ၁၂ ခု လုပ်ကိုင်နေပြီး ဇလွန်မြို့နယ်တွင် လုပ်ငန်း ၄ ခု လုပ်ကိုင်နေကြောင်း အဆိုပါရုံးထံမှသိရသည်။

“ဧပြီလနဲ့ မေလနှစ်လမှာ အလုပ်တွေ ပြီးအောင်လုပ်ရပါတယ်။ ဘတ်ဂျက်က ပြည်ထောင်စုဘတ်ဂျက် တိုင်းဒေသကြီး ဘတ်ဂျက်တွေနဲ့လုပ်တာပါ။ ကုမ္ပဏီတွေကို တင်ဒါပေးပြီး ဆည်မြောင်းက ကြီးကြပ်တည်ဆောက်တာပါ”ဟု ဟင်္သာတခရိုင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသာယာက ဆိုသည်။

အဆိုပါ ရေကာတာအဆင့်မြှင့်တင်ခြင်းလုပ်ငန်းအဖြစ် ရိုးချောင်းများ တူးဖော်ခြင်း၊ ရေနုတ်မြောင်းများ တူးဖော်ခြင်း၊ တာထိပ်ဆင့်ခြင်း၊ တာခြေကန်ခြင်း၊ ရေထိန်းတံခါးပြုခြင်း၊ ချဉ်းကပ်တံတား များပြုပြင်ခြင်းနှင့် အေအာဒီစီမြောင်း တူးဖော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းအပြင် ကွန်ချောင်းဆည်ရေသောက်စနစ်အတွင်းရှိ (DY 11) ရေနုတ်မြောင်းတူးဖော်ခြင်း၊ ချောင်းဖြောင့်ခြင်းနှင့် သောင်ခုံဖယ်ရှားခြင်း၊ တာပြုပြင်ထိန်းသိမ်းခြင်းအပါအဝင် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများလုပ်ကိုင်ခဲ့ခြင်းကြောင့် ရေကာတာမှာ ပြိုကျပျက်စီးခဲ့ခြင်းမရှိကြောင်း ၎င်းက ပြောကြားသည်။ 

မိုးရာသီကာလ၌ ဆည်ရေမှတ်များ၊ မြစ်ရေမှတ်များ၊ တာတမံအခြေအနေများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် Icon အထိုင်စက်များကို ၂၄ နာရီဖွင့်လှစ်ထားပြီး၊ မြို့နယ် ၆ မြို့နယ်အတွင်း ရေကင်းစခန်းပေါင်း ၄၈ ခု ဖွင့်လှစ်ထားကြောင်း၊ အဆိုပါ ရေကင်းစခန်းများ၌ ရေကာတာလုပ်ခြုံရေးနှင့် ထိန်းသိမ်းရေးအတွက် လုပ်သားဦးရေ ၄၀၀ ကျော်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနထံမှ သိရသည်။

ဟင်္သာတမြို့နယ်နှင့် ဇလွန်မြို့နယ်တို့ကို ရေကြီးနစ်မြုပ်မှုမှကာကွယ်နိုင်ရန် ဧရာဝတီ အရှေ့ဘက်ကမ်းတာနှင့် ဟင်္သာတကမ်းနားတာတို့ကို ၁၈၈၁ ခုနှစ်က တည်ဆောက်ခဲ့ကြောင်း၊ ငဝန်ရေကာတာကို ၁၈၈၂တွင်တည်ဆောက်ခဲ့ပြီး မိုးစပါးဧက ပေါင်းငါးသိန်းနီးပါးကို ကာကွယ်ထားနိုင်ကြောင်း ယင်းဌာနထံမှသိရသည်။

R-13

  • VIA