News

POST TYPE

NEWS

ဘားအံဘိုးဘွားရိပ်သာ ဇူလိုင်တွင် ဖွင့်မည်
ဘားအံ၊ မေ ၇

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း ဆောက်လုပ်နေသော ဘားအံ ဘိုးဘွားရိပ်သာကို ဇူလိုင်လအတွင်း စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။

ယင်းဘိုးဘွားရိပ်သာ အဆောက်အအုံကို ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းက စတင်တည်ဆောက်ခဲ့ပြီး တည်ဆောက်မှု ၉၅ ရာခိုင်နှုန်း ခန့်ပြီးစီးပြီဖြစ်ကာ ဝန်ထမ်းခန့်ထားရေးနှင့် သတ်မှတ်စည်းကမ်းများ အတည်ပြုရန်သာ ကျန်ရှိတော့ကြောင်း အဆိုပါဌာနထံမှ သိရသည်။

“အဆောက်အအုံ ငါးလုံးတည်ဆောက်ဖို့ စီစဉ်ထားတဲ့နေရာမှာ လေးလုံးကတော့ လုံးဝပြီးစီးသွားပြီ။ အဓိကလိုအပ်နေတာက အဲမှာလုပ်မယ့်ဝန်ထမ်းပဲ။ အသက် ၃၀ အထက်လို့ သတ်မှတ်ထားတယ်”ဟု ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မင်းက ပြောကြားသည်။

အဆိုပါ ဘိုးဘွားရိပ်သာအတွက် အနီးကပ်စောင့်ရှောက်မှု ကြီးကြပ်ရေး ကော်မတီကိုဖွဲ့စည်းထားပြီး ယင်းကော်မတီမှ လက်ခံမည့်ဘိုးဘွားများ၏ စည်းကမ်းချက်များကို သတ်မှတ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဘိုးဘွားရိပ်သာက ကျွန်တော်တို့ဆီမှာ မရှိခဲ့ဖူးဘူး။ ပြည်နယ်ဝန်ကြီးချုပ်ကလည်း သူ့သက်တမ်းမှာ ရိပ်သာဖြစ်မြောက်ဖို့ ဆန္ဒရှိတယ်ကြားတယ်။ ဘိုးဘွားတွေကို လက်ခံမယ်ဆိုရင် အသက်သတ်မှတ်ချက်က ဘယ်လိုသတ်မှတ်မလဲဆိုတာထက် တခြားသားသမီးမြေးမြစ်တွေရဲ့ဆန္ဒကို ဘယ်လိုသတ်မှတ်မလဲဆိုတာက ရှိသေးတယ်။ အဲဒီသတ်မှတ်ချက်ကတော့ ထည့်တွေးစရာတစ်ခုလို့ထင်တယ်”ဟု ဘားအံမြို့နယ် ဒေသခံစောဒီးဒီက မှတ်ချက်ပြုသည်။

ယင်းဘိုးဘွားရိပ်သာကို ပြင်ပအလှူရှင်များ၏ လှူဒါန်းငွေ ကျပ်သိန်း ၈၀၀ ကျော်ဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး လှူဒါန်းလိုသူများအနေနှင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။

R-17