News

POST TYPE

NEWS

နေပြည်တော်၌ မှိုအဆိပ်သင့်၍ ၁၃ ဦး ဆေးရုံရောက်
နေပြည်တော်၊ ဇွန် ၇

နေပြည်တော်တွင် တောတွင်းမှ မှိုခူးယူစားသုံးသူလေးဦးနှင့် မြို့မဈေးမှ ဝယ်ယူစားသုံးသူ ကိုးဦးတို့မှာ အဆိပ်သင့်၍ ခုတင် ၁၀၀၀ ဆေးရုံ၌ တက်ရောက်ကုသနေရကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

ဥတ္တရသီရိမြို့နယ်အနီးရှိ တောအတွင်းမှ မှိုတစ်မျိုးကို စားသုံးမိခြင်းကြောင့် မှိုအဆိပ်သင့်မှုဖြစ်ပွားသူနှင့် မြို့မဈေးထဲမှ မှိုဝယ်ယူစားသုံးသူများ ဆေးရုံတက်ရောက်နေရခြင်းဖြစ်ကြောင်း ယင်းဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာ ဇော်မျိုးလတ်က ပြောကြားသည်။

“၁၃ ယောက်ထဲမှာ လေးယောက်ကတော့ ဥတ္တရသီရိအနီးက တောထဲက ခူးပြီးစားတာလို့ သိထားတယ်။ ကျန်တဲ့ကိုးယောက်ကတော့ မြို့မဈေးထဲက ဝယ်စားကြတယ်ပြောတယ်” ဟု ၎င်းက ရှင်းပြသည်။

ဇွန်လ ၅ ရက်နေ့ ညနေပိုင်းမှစတင်ကာ မှိုအဆိပ်သင့်ခြင်းကြောင့် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံသို့ လူနာသုံးဦး ရောက်ရှိခဲ့ပြီးနောက် ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် ကျန်ရှိသည့်လူနာများ ထပ်မံရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းထံမှ သိရသည်။ 

“Food Poison နဲ့ မူးတယ်၊ အန်တယ်၊ ဗိုက်အောင့်တယ် စတဲ့လက္ခဏာတွေနဲ့ ဆေးရုံရောက်လာကြတယ်။ အခု အားလုံးကတော့ အရမ်းမစိုးရိမ်ရပါဘူး” ဟု ဒေါက်တာဇော်မျိုးလတ်က ဖြည့်စွက်ပြောကြားသည်။

မိုးဦးကျကာလသည် မှိုပေါက်ပွားမှုများပြီး ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့သည် မှိုအဆိပ်သင့်မှု ဖြစ်ပွားမှုများသည့်နေရာများဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယခုကာလများတွင် မှိုနှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို သက်ဆိုင်ရာဌာနများမှတစ်ဆင့် ဖြန့်ဝေကာ ကျန်းမာရေးအသိပညာပေးလျက်ရှိကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

J-12