News

POST TYPE

NEWS

တရားမဝင် မြစ်ကျောက်ထုတ်လုပ်ငန်း လုပ်ကိုင်သူများပြား
06-Jun-2018
ဟင်္သာတ၊ ဇွန် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ တရားမဝင်မြစ်ကျောက်နှင့် မြစ်သဲထုတ်ယူနေခြင်းအပေါ်ထိရောက်သည့် အရေးယူမှုမရှိခြင်းကြောင့် လုပ်ငန်းလုပ်ကိုင်သူဦးရေ များပြားလာကြောင်း ဟင်္သာတခရိုင် မြစ်ကျောက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းမြင့်က ပြောကြားသည်။

တိုင်တန်းချက်အရ ဟင်္သာတမြို့နယ်၊ အုပ်ချုပ်ရေးမှူးပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက တောင်လုံးစု ကျေးရွာအုပ်စု အောက်ရွာလေးကျေးရွာအရှေ့ ဧရာဝတီမြစ်အတွင်း မေလ ၁၉ ရက်နေ့ ညပိုင်းကသွားရောက်စစ်ဆေးခဲ့ရာ မြစ်သဲနှင့်ကျောက်များ တင်ဆောင်ထားသည့် ကျောက်စုပ်မော်တော် ၈ စင်းကို တွေ့ရှိခြင်းပြီးစစ်မေးရာတွင် တရားမဝင်လုပ်ကိုင်သူများက မချေမငံပြောဆိုခြင်းနှင့် လုပ်ငန်းအနှောင့်အယှက်ပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း၊ ယင်းအပြင် တရားမဝင် မြစ်ကျောက် မြစ်သဲမော်တော်များက ဇွန်လ ၃ ရက်နေ့အထိ ဆက်လက်ထုတ်ယူနေသည်ကို တွေ့နေရကြောင်း ၎င်းက ပြောဆိုသည်။

ဟင်္သာတမြို့နယ်တွင် တရားဝင်မြစ် ကျောက်မြစ်သဲ ထုတ်လုပ်မှုလုပ်ကွက် ၄ ခု ခွင့်ပြုထားပြီး စည်းကမ်းနှင့်အညီ ထုတ်နေကြောင်း၊ အဆိုပါ တရားဝင်လုပ်ကွက်များအပေါ် ဥပဒေနှင့်အညီ ကာကွယ်ပေးရန်လည်း အားနည်းချက်များစွာ ရှိခဲ့ကြောင်း၊ ယင်းကဲ့သို့ တရားမဝင်လုပ်ငန်းများနှင့် ပတ်သက်၍ ထိရောက်သည့် အရေးယူမှုမရှိခြင်းကြောင့် တရားမဝင်ထုတ်ယူသူများက အုပ်စုဖွဲ့၍ ဥပဒေမဲ့အခြေအနေများ ဖန်တီးလာနေကြောင်း ဦးသန်းမြင့်က ဆက်လက်ပြောကြားသည်။

ယင်းသို့ တရားမဝင်ထုတ်ယူနေမှုများအတွက် ထိရောက်သည့် အရေးယူမှုမရှိခြင်းကြောင့် တာဝန်ရှိသူများကို စစ်ဆေးအရေးယူပေးရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခဲ့ကြောင်း ရေလည်သောင်ကျေးရွာနေဒေသခံ ဦးကြည်နိုင်က ပြောကြားသည်။

မေလ ၁၉ ရက် ညပိုင်းက ဖမ်းဆီးရမိခဲ့သည့် တရားမဝင်မြစ်ကျောက် ထုတ်ယူသည့် မော်တော်ယာဉ်များနှင့် ပတ်သက်၍ အမှုဖွင့်အရေးယူထားပြီး ခရိုင်အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်ရရှိပါက ထပ်မံဖမ်းဆီးမည်ဖြစ်ကြောင်း ဟင်္သာတခရိုင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇေယျာထွန်းက ပြောဆိုသည်။

ခရိုင်နှင့် မြို့နယ်များအတွင်း တရားမဝင် မြစ်ကျောက် မြစ်သဲထုတ်ယူနေမှုကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်းထားကြောင်း၊ သို့သော် ညသန်းခေါင်ယံတွင် မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့၍ မြစ်သဲမြစ်ကျောက်များ ထုတ်ယူနေရာ၊ အချိန်၊ ဒေသ၊ ရေယာဉ်ယန္တရား အင်အားမှာ တရားမဝင်လုပ်ကိုင်သူများကသာနေခြင်းကြောင့် တာဝန်ရှိသူများအတွက် အန္တရာယ်ကြီးသဖြင့် ရာသီဥတုပေါ်မူတည်၍ ဆက်လက်ဖမ်းဆီးမည်ဖြစ်ကြောင်း ဟင်္သာတခရိုင်၊ အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ပြောကြားသည်။ 

R-13


  • VIA