News

POST TYPE

NEWS

ထိုင်းနိုင်ငံသို့ စွန့်ပစ်အမှိုက်များတင်သွင်းမှုကြောင့် စိုးရိမ်မှုများကြီးထွား
06-Jun-2018
ဘန်ကောက် ဇွန် ၅

ထိုင်းနိုင်ငံ ချောင်ဘူရီတွင် ခိုးသွင်းလာသော အမှိုက်များ တင်ဆောင်လာသည့် ကွန်တိန်နာကားများကို တွေ့ရှိဖော်ထုတ်နိုင်ခဲ့ပြီး နိုင်ငံပေါင်း ၃၅ နိုင်ငံမှ ပလတ်စတစ် စွန့်ပစ်အမှိုက်များကို ထိုင်းနိုင်ငံသို့ တင်သွင်း လာခြင်းဖြစ်သည်ဟု ဒုတိယရဲချုပ် ဝီရာချိုင်း ဆောင်မက်တာက ပြောကြားကြောင်း Bangkok Post သတင်းစာတွင် ဖော်ပြထားသည်။

ဗုဒ္ဓဟူးနေ့က လမ်ချာဘန်ဆိပ်ကမ်းတွင် ပလတ်စတစ်စွန့်ပစ်အမှိုက် ၅၈ တန်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ရဲများက ဆိပ်ကမ်းနီးရှိ စက်ရုံများကို ရှာဖွေရာတွင် အီလက်ထရွန်နစ်စွန့်ပစ်အမှိုက်များကိုတွေ့ရှိမည်ဟု မျှော်လင့်ခဲ့ကြသော်လည်း နိုင်ငံပေါင်း ၃၅ နိုင်ငံမှ ပို့လိုက်သည့် recycle ပြုလုပ်၍မရသော အဆင့်နိမ့် ပလတ်စတစ်စွန့်ပစ်အမှိုက်များကို တွေ့ရှိခဲ့ကြသည်။

“ဒီဖမ်းဆီးရမိမှုက ထိုင်းနိုင်ငံဟာ ကမ္ဘာ့အမှိုက်ပုံ ဖြစ်နေတာကို ပြသနေတယ်။ ပြည်ပက အမှိုက်တွေ ခိုးသွင်းနေတဲ့ ကုမ္ပဏီတွေကို အစိုးရက နှိမ်နင်းမှဖြစ်တော့မယ်” ဟု ဒုတိယရဲချုပ် ဝီရာချိုင်းက ပြောကြားသည်။

ဖမ်းဆီးရမိသော ပလတ်စတစ် စွန့်ပစ်အမှိုက်များသည် ဟောင်ကောင်၊ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဩစတြေးလျ၊ ဂျာမနီ၊ ကိုရီးယား၊ နယ်သာလန်၊ ဂျပန်၊ မလေးရှား၊ တရုတ်၊ နိုင်ဂျီးရီးယား၊ အီရန်၊ စပိန်၊ ဗီယက်နမ်၊ တူရကီ၊ ပြင်သစ်၊ ပါကစ္စတန်၊ ယူအေအီးစသော နိုင်ငံများမှ ဝင်ရောက်လာခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ပလတ်စတစ် စွန့်ပစ်အမှိုက်များကို ကွန်တိန်နာလေးခုပေါ်တွင် တွေ့ရှိခဲ့ပြီး သွင်းကုန်အထောက်အထား စာရွက်စာတမ်းများအရ Long Luck ပလတ်စတစ်နှင့် သတ္တုကုမ္ပဏီနှင့်သက်ဆိုင်သည်ဟု သိရှိရသည်။

အမှိုက်များကို recycle လုပ်ရန်ဟု ဖော်ပြကြေညာထားသော်လည်း ဖမ်းဆီးရမိသောနေရာတွင် ပလတ်စတစ် recycle လုပ်သည့်စက်ရုံတစ်ရုံမှမရှိဟု ရဲများက ပြောကြားသည်။

ဖမ်းဆီးရမိသော အမှိုက်များကို စက်မှုလုပ်ငန်းဌာနက စစ်ဆေးခဲ့ရာ recycle ပြုလုပ်နိုင်သော အရည်အသွေးမြင့် စွန့်ပစ်အမှိုက်များကို တင်သွင်းခွင့်ပြုသည့် ၁၉၇၉ စည်းမျဉ်းများကို ချိုးဖောက်ကြောင်း တွေ့ရှိရသည်ဟု ဌာနက ထုတ်ပြန်သည်။

အဆိုပါပြစ်မှုသည် အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်နှင့် သွင်းကုန်တန်ဖိုး၏ ငါးဆကို ဒဏ်ငွေချမှတ်နိုင်သည်ဟု သိရှိရသည်။ ထို့ပြင် အကောက်ခွန်ဥပဒေအရ လိမ်လည်ကြေညာမှုဖြင့် ဒဏ်ကြေးဘတ်ငွေ ၅၀၀,၀၀၀ ချမှတ်နိုင်သည်။

Greenpeace အရှေ့တောင်အာရှ၏ ထိုင်းနိုင်ငံဆိုင်ရာ ဌာနေဒါရိုက်တာ ဘူကမ်စရီက ယခုဖမ်းဆီးရမိမှုသည်အဖျား အနားမျှသာဖြစ်ပြီး အရည်အသွေးနိမ့် စွန့်ပစ်အမှိုက်များကို တင်သွင်းနေသည့် recycle အမည်ခံစက်ရုံများရာနှင့်ချီ၍ ရှိနေသည်ဟု ပြောကြားသည်။

F-04