News

POST TYPE

NEWS

တရုတ်သို့ လျှို့ဝှက်ချက်ရောင်းမှုဖြင့် အမေရိကန်စစ်ထောက်လှမ်းရေးတစ်ဦး အဖမ်းခံရ
06-Jun-2018
ဝါရှင်တန်၊ ဇွန် ၅

အမေရိကန် စစ်ဘက်ထောက်လှမ်း ရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးသည် လျှို့ဝှက်ချက်များကို တရုတ်သို့ အမေရိကန် ဒေါ်လာ ၈ သိန်းဝန်းကျင်ဖြင့် ရောင်းချခဲ့မှုဖြင့် စွဲချက်တင်ခံခဲ့ရကြောင်း AFP သတင်းဌာနက ဖော်ပြသည်။

အသက် ၅၈ နှစ်အရွယ်ရှိ ရော့ခ်ဝဲလ်ဟန်ဆန်သည် ပြီးခဲ့သည့် စနေနေ့က လျှို့ဝှက်အချက်အလက်များကို သယ်ဆောင်ပြီး ဝါရှင်တန်ပြည်နယ်၊ ဆီယက် တဲလ်-တာကိုမာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သို့ မထွက်ခွာမီ ထိန်းသိမ်းခဲ့သည်ဟု တရားရေးဌာနကထုတ်ပြန်သည်။

ယင်းမှာ တရုတ်အတွက် သူလျှိုလုပ်ပေးမှုဖြင့် အမေရိကန်တာဝန်ရှိသူ အမြောက်အမြား ဖမ်းဆီးခံရမှုတွင် နောက်ဆုံးဖြစ်စဉ်ဖြစ်သည်။

ဟန်ဆန်သည် အချက်ပြဆက်သွယ်မှုထောက်လှမ်းရေးတပ်ဖွဲ့တွင် အလုပ်လုပ်ခဲ့ပြီးနောက် အမေရိကန်စစ်တပ်မှ အနားယူခဲ့သူဖြစ်သည်။ တရုတ်မန်ဒရင်းစကားနှင့် ရုရှားစကားကျွမ်းကျင်သောကြောင့် ၂၀၀၆ ခုနှစ်တွင် စစ်ထောက်လှမ်းရေးက အမှုလိုက်အရာရှိအဖြစ် ခန့်ထားခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။ ဟန်ဆန်၏ တာဝန်မှာ ပြည်ပထောက်လှမ်းရေး သတင်းပေးများ စုဆောင်းခြင်းနှင့် စီမံခန့်ခွဲခြင်းဖြစ်သည်။

ဘေဂျင်းမှ ကူးသန်းရောင်းဝယ်ရေး ရုံးတစ်ရုံးကို အခြေခံပြီး ဟန်ဆန်သည် တရုတ်ထောက်လှမ်းရေးများနှင့် ဆက်သွယ်ပြီး အမေရိကန်ဘက်ကို သစ္စာခံသော နှစ်ဖက်ချွန်သူလျှိုဟု စစ်ထောက်လှမ်းရေးနှင့် အက်ဖ်ဘီအိုင်က ထင်မြင်ယူဆစေရန် နှစ်အတန်ကြာ ကြိုးပမ်းခဲ့သည်ဟုဆိုသည်။

သို့သော်လည်း ဟန်ဆန်သည် တရုတ်ထောက်လှမ်းရေးများနှင့် ပုံမှန်တွေ့ဆုံမှုများကို သတင်းမပို့ခဲ့သလို တရုတ်ဘက်မှပေးသည့် ဆဲလ်ဖုန်းများကိုသာ သုံးပြီး သူကိုင်တွယ်ခွင့်မရှိသည့် လျှို့ဝှက်သတင်း အချက်အလက်များကိုပါ ရယူခဲ့သည်ဟု ဆိုသည်။

ဟန်ဆန်သည် ၂၀၁၃ မှ ၂၀၁၆ အတွင်း ငွေရေးကြေးရေး အခက်အခဲကြီးကြီးမားမား ဖြစ်ပေါ်ခဲ့ပြီးနောက် ဒေါ်လာ ထောင်သောင်းချီအကြွေးတင်ခဲ့သည်ဟု ဆိုသည်။

ထိုကာလနှင့် ယင်းနောက်ပိုင်းတွင် ဟန်ဆန်သည် တရုတ်ထံမှ အမေရိကန်ဒေါ်လာ ၈ သိန်းကျော် ရရှိခဲ့ပြီး မကြာခဏဆိုသလို အမေရိကန်သို့ ပိုက်ဆံများအိတ်ဖြင့် ထည့်သယ်လာလေ့ရှိသည်ဟုဆိုသည်။

ယခုနှစ်အစောပိုင်းတွင် ဟန်ဆန်သည် မြောက်နှင့် တောင်ကိုရီးယားအရေး အမေရိကန်၏ သဘောထားရပ်တည်ချက်၊ တရုတ်အပေါ် အမေရိကန်၏ စစ်ဆင်ရေး လျာထားမှုများနှင့်ပတ်သက်ပြီး လုပ်ဖော်ကိုင်ဖက်များထံမှ သတင်းစုဆောင်းရန်ကြိုးပမ်းသည်ကို FBI က သတိပြုမိခဲ့ခြင်းဖြစ်သည်။

“သူ့ရဲ့လုပ်ရပ်တွေဟာ ကျုပ်တို့ အမျိုးသားလုံခြုံရေးနဲ့ အမေရိကန်ပြည်သူတွေကို သစ္စာဖောက်တာဖြစ်သလို သူ့ရဲ့ ထောက်လှမ်းရေးအသိုင်းအဝိုင်းက လုပ်ဖော်ကိုင်ဖက်ဟောင်းတွေကို စော်ကားရာလည်း ရောက်ပါတယ်” ဟု အမျိုးသားလုံခြုံရေးဆိုင်ရာ ဒုတိယရှေ့နေချုပ် ဂျွန်ဒမ်မားစ်က သုံးသပ်ခဲ့သည်။

ဇန်နဝါရီလအတွင်းကလည်း စီအိုင်အေအေးဂျင့်ဟောင်း ဂျယ်ရီချွန်ရှင်းလီသည် တရုတ်သို့သတင်းအချက်အလက်များ ရောင်းစားမှုဖြင့် ဖမ်းဆီးခံခဲ့ရသည်။ သူသည် စီအိုင်အေသတင်းပေး ကွန်ရက်နှင့်ပတ်သက်ပြီး တရုတ်ကို အသိပေးခဲ့ခြင်းကြောင့် ၂၀၁၀ နှင့် ၂၀၁၂ အတွင်း တရုတ်ပြည်တွင်းမှ အမေရိကန်ထောက်လှမ်းရေးကွန်ရက် ဖျက်ဆီးခံခဲ့ရသည်။

F-03