News

POST TYPE

NEWS

ဂျော်ဒန်တွင် အခွန်နှုန်းထားသစ် သတ်မှတ်မည့် ဥပဒေကိုမကျေနပ်၍ ပြည်သူများ လမ်းထွက်ဆန္ဒပြ


အက်မန်၊ ဇွန် ၎

အရှေ့အလယ်ပိုင်းဒေသ၏ တည်ငြိမ်မှုအရှိဆုံးနိုင်ငံများတွင်ပါဝင်သော ဂျော်ဒန်တွင် အခွန်တိုးမြှင့်ကောက်ခံသည့်ကိစ္စနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်နေသော ပြည်သူများက မြို့တော်အက်မန်၌ စုဝေးကာ အစိုးရနုတ်ထွက်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း Aljazeera သတင်းဌာနက ရေးသားဖော်ပြသည်။ 

အက်မန်မြို့ရှိအစိုးရရုံးအနီးတွင် တနင်္လာနေ့က ဆန္ဒပြအင်အားစုများစုဝေးကာ ဝန်ကြီးချုပ် ဟန်နိုင်းမူလ်ကီနုတ်ထွက် ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ အကယ်၍ ပြီးခဲ့သည့် မေလအတွင်းက ပါလီမန်လွှတ်တော်သို့ အစိုးရတင်သွင်းခဲ့သောဥပဒေမူကြမ်းကို ဖျက်သိမ်းပါမှ စုဝေးဆန္ဒပြမှုများ ရပ်ဆိုင်းမည်ဖြစ်သည်ဟု ဆန္ဒပြအင်အားစုများက ပြောကြားသည်။ 

“အဲဒီအခွန်ဥပဒေမူကြမ်းအဆုံး မသတ်သေးသရွေ့ ကျွန်တော်တို့ တိုက်ပွဲဝင် ဆန္ဒပြနေဦးမှာပဲ။ အစိုးရအဖွဲ့ဟာ အင်မတန်ရှက်ဖို့ကောင်းတယ်” ဟု ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးက ပြောကြားသည်။

မိမိတို့၏ တောင်းဆိုမှုများမှာ တရားဝင်ဖြစ်ပြီး အဂတိလိုက်စားမှု ရပ်ဆိုင်းရန် ဦးတည်ဟုဆိုသည်။ ဆန္ဒပြပွဲမှာ တနင်္ဂနွေနေ့က စတင်ခဲ့ကြောင်း၊ နောက်တစ်နေ့တွင် ဆန္ဒပြအင်အား ၃၀၀၀ ခန့်ရှိပြီး ဂျော်ဒန်နိုင်ငံတော်အလံများ၊ “ဒူးထောက်အညံ့ခံမည်မဟုတ်” ဟု ရေးသားဖော်ပြထားသောဆိုင်းဘုတ်များ ကိုင်ဆောင်ခဲ့ကြကြောင်း သတင်းဌာနများက ဖော်ပြသည်။ 

“အမျိုးသမီးတွေဟာအမှိုက်ပုံထဲမှာ ဘာများရလဲဆိုပြီး ရှာဖွေနေရတယ်၊ သူတို့ ကလေးတွေအတွက်၊ နေ့စဉ်နေ့တိုင်း တက်နေတဲ့ကုန်ဈေးနှုန်းတွေ၊ အခွန်တွေကြောင့် ကျွန်တော်တို့ဒုက္ခရောက်နေကြရတယ်” ဟု ဆန္ဒပြသူတစ်ဦးက ဆိုသည်။

F-01