News

POST TYPE

NEWS

အနိုင်ကျင့်ဗိုလ်ကျမှုကို ရင်ဆိုင်ဖြေရှင်းရန် ကမ္ဘာကြီးကို အီရန်တောင်းဆို
05-Jun-2018



တဟီရန်၊ ဇွန်၎

အီရန်နျူကလီးယားအရေး နိုင်ငံကြီးများ၏ သဘောတူစာချုပ်မှ အမေရိကန်နုတ်ထွက်သွားပြီးနောက် စာချုပ်ဆက်လက်တည်မြဲရေး လိုက်လံညှိနှိုင်းနေသော အီရန်နိုင်ငံခြားရေးဝန်ကြီးက ကျန်စာချုပ်ဝင်နိုင်ငံများသို့ ပေးပို့သောစာတစ်စောင်တွင် အမေရိကန်၏ အနိုင်ကျင့်ဗိုလ်ကျမှုကို ကမ္ဘာကြီးက ရင်ဆိုင်ဖြေရှင်းသင့်ကြောင်း တောင်းဆိုထားသည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။

၂၀၁၅ ခုနှစ်က အီရန်နှင့်ကမ္ဘာ့ အင်အားကြီးနိုင်ငံများအကြား ချုပ်ဆိုခဲ့သောစာချုပ်အရ အီရန်က နျူလက်နက် စီမံကိန်းကို စွန့်လွှတ်ရမည်ဖြစ်ပြီး အပြန်အလှန်အနေနှင့် အီရန်အပေါ် အမေရိကန်၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂတို့က အရေးယူပိတ်ဆို့ထားမှုများကို ရုပ်သိမ်းပေးရန် သဘောတူခဲ့ကြသည်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယင်းသဘောတူစာချုပ်မှ ပြီးခဲ့သည့် လက နုတ်ထွက်သွားခဲ့ရာ စာချုပ်၏ တည်မြဲမှုမှာ မရေမရာဖြစ်လာခဲ့သည်။ ကျန်စာချုပ် ဝင်နိုင်ငံများဖြစ်သော ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ ရုရှား၊ တရုတ်တို့ကမူ စာချုပ်ကို ဆက်လက်တည်မြဲစေလိုကြသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာ မက်ဇာဗတ်ဇာရိဖ်က စာချုပ်ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများထံ ပေးပို့သောစာတွင် အမေရိကန်၏ စာချုပ်မှ တရားမဝင်နုတ်ထွက်မှုကို ဝေဖန်ထားပြီး အခြားအစိုးရများပါ သူ့နောက်လိုက်ကြစေရန် အနိုင်ကျင့်ဗိုလ်ကျသည့် နည်းလမ်းများ ကျင့်သုံးနေခြင်းမှာ နိုင်ငံတကာဇာတ်ခုံပေါ်တွင် တရားဥပဒေစိုးမိုးမှုမရှိခြင်းကို ပြသရာရောက်သည်ဟု ဝေဖန်ခဲ့သည်။

ထရမ့်ကမူ ပိုမိုကျယ်ပြန့်ပြီး အီရန်၏ ဒေသတွင်းအရေး စွက်ဖက်မှုများကိုပါ ကန့်သတ်သည့် စာချုပ်မျိုးပြန်လည် ချုပ်ဆိုရန် ဆန္ဒရှိနေသည်။

အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီကလည်း အီရန်စာချုပ်မှ မနုတ်ထွက်ရေးအတွက် ဥရောပအင်အားကြီးများအနေနှင့် အီရန်နှင့် ကုန်သွယ်မှု၊ ရေနံရောင်းချမှု အာမခံချက်ပေးရေး အာမခံချက်ပေးရန် တောင်းဆိုထားသည်။

F-03